အမ်ဘာပေကတော့ ဒီတပတ်မှာလည်း ပြောစရာဖြစ်ခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ဘရက်စ်တို့ရဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာတော့ အမ်ဘာပေနဲ့ ပတ်သက်လို့ ပြောစရာတွေ ထုံးစံအတိုင်းရှိခဲ့ပြန်ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက မက်ဆီရဲ့ ဖန်တီးပေးမှုကတဆင့် နေမာ သွင်းယူခဲ့တဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အိမ်ကွင်းမှာ ဘရက်စ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကစားဖို့ရှိနေပေမယ့် ပီအက်စ်ဂျီကတော့ လူစုံတက်စုံ ပွဲထုတ်ခဲ့ပါတယ်။



ဒီပွဲရဲ့ ပွဲကစားချိန် မိနစ် (၃၀) မှာ မက်ဆီက နေမာရဲ့ သွင်းဂိုးအတွက် လှလှပပဖန်တီးပေးနိုင်ခဲ့ပြီး မက်ဆီကိုယ်တိုင် သွင်းယူခဲ့တဲ့ အပိုင်အခွင့်အရေးနှစ်ကြိမ်ကတော့ ဂိုးမဖြစ်ခဲ့ပါဘူး။ တကြိမ်ကတော့ မက်ဆီအနေနဲ့ လေထဲကဘောလုံးကို ရင်ဘတ်နဲ့တချက်ထိန်းပြီး ဘယ်ခြေနဲ့ အပိုင်ကန်သွင်းယူခဲ့တဲ့နေရာမှာ ဂိုးရှေ့မှာရှိနေခဲ့တဲ့ အမ်ဘာပေနဲ့ထိပြီး ဘောလုံးက ပြန်ထွက်သွားခဲ့ပါတယ်။


ဒီဖြစ်ရပ်မှာ အမ်ဘာပေအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ပိတ်ခဲ့တာမျိုးမဟုတ်ဘဲ ရှောင်ရှားဖို့ ကြိုးစားခဲ့သေးပေမယ့် သူ့ရဲ့ ရှောင်လွှဲမှုက ကံဆိုးစွာနဲ့ပဲ မက်ဆီကန်လိုက်တဲ့ ဘောလုံးကို တားဆီးမိသလိုဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ “ဒီလိပ်နင်ဂျာ ဘာလုပ်လိုက်ပြန်ပြီလဲ တယောက်လောက်ရှင်းပြကြပါဦး” “ကောင်းမွန်တဲ့ဖျက်ထုတ်မှုတခုပါပဲ။ အခုဆိုရင် မက်ဆီအတွက် ဂိုးတိုင်၊ ဂိုးဘားတန်းနဲ့ အမ်ဘာပေတို့က သူ့ရဲ့ တွဲဖက်တွေဖြစ်လာပါပြီ” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒါ့အပြင် ပထမပိုင်း (၄၃) မိနစ်မှာရရှိခဲ့တဲ့ အခွင့်အရေးမှာလည်း နေမာက အမ်ဘာပေကို ဘောလုံးမပေးဘဲ မက်ဆီကိုပဲ ခင်းပေးခဲ့တာကြောင့် အမ်ဘာပေနဲ့နေမာအကြား ပြဿနာတွေ မပြီးဆုံးသေးဘူးလားလို့ ပရိသတ်တွေအကြား မေးခွန်းထုတ်နေပါတယ်။ တန်ပြန်တိုက်စစ်ကတဆင့် ရရှိလာတဲ့ ဘောလုံးကို နေမာက နောက်ခံလူသုံးယောက်ကြားထဲက မက်ဆီကို ခင်းပေးခဲ့တာပါ။


ဒါပေမယ့်လည်း မက်ဆီက ခဲရာခဲဆစ်ကန်သွင်းခဲ့ရပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ တဖက်မှာပြေးတက်လာတဲ့ အမ်ဘာပေကို နေမာ ဘောလုံးမပေးခဲ့တဲ့အပေါ်မှာလည်း နေမာအပေါ် ဝေဖန်မှုတွေရှိနေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသုံးယောက်ကတော့ ပွဲရှိတဲ့ရက်သတ္တပတ်တိုင်း တနည်းမဟုတ်တနည်းနဲ့ ပရိသတ်တွေရဲ့တည်ကြက်ဖြစ်နေပြီး ဒီတကြိမ်မှာလည်း အမ်ဘာပေက အဓိကဇာတ်လိုက်ဖြစ်ခဲ့ရပြန်ပါတယ်။ 

Share

Loading Next Article...
က္က