အင်တာမိုင်ယာမီကြယ်ပွင့် မက်ဆီဟာ မေဂျာလိဂ်ကလပ်အသင်းတွေရဲ့ အိမ်ကွင်း မြက်ခင်းတုကွင်းတွေမှာ ကစားဖို့ ငြင်းဆန်ခဲ့ကြောင်း သတင်းတွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။ မေဂျာလိဂ်အသင်းတွေရဲ့ အိမ်ကွင်းတွေက မြက်ခင်းတုကွင်းတွေဖြစ်ပြီး ဒါက ကစားသမားတွေအတွက် ဒဏ်ရာရနိုင်ခြေကို ပိုမိုများပြားစေကြောင်း အချို့က ဝေဖန်ထားပါတယ်။
ကစားသမားဘဝရဲ့နေဝင်ချိန်ကို ရောက်ရှိလာပြီဖြစ်တဲ့ မက်ဆီကိုယ်တိုင်ကလည်း ဒီလိုမြက်ခင်းတုကွင်းတွေမှာ ကစားဖို့ ဆန္ဒမရှိတာကြောင့် ကလပ်အသင်းတွေအနေနဲ့ မြက်ခင်းတုအစား မြက်ခင်းအစစ်တွေကို လဲလှယ်အစားထိုးဖို့ တိုက်တွန်းမှုတွေရှိနေပါတယ်။ အသင်း (၆) သင်းကတော့ သူတို့ရဲ့ အိမ်ကွင်းက မြက်ခင်းတုတွေအစား မြက်အစစ် အသုံးပြုပြီး ပြန်လည်အစားထိုးပေးဖို့ ပြင်ဆင်ထားပါတယ်။
ဒါပေမယ့်လည်း Charlotte အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ “ကျွန်တော်တို့ရဲ့ မေဂျာလိဂ်ပွဲစဉ်တွေအားလုံးကို မြက်ခင်းတုကွင်းမှာပဲ ကစားဖို့ စီစဉ်ပြီးသားပါ။ သဘာဝမြက်တွေနဲ့ ပြောင်းလဲအစားထိုးဖို့ အစီအစဉ်မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အသင်းအချို့ကတော့ အိမ်ကွင်းမှာ သဘာဝမြက်တွေကိုသာ ခင်းထားပေမယ့် အချို့အသင်းတွေကတော့ မြက်ခင်းတုတွေ ခင်းထားတာဖြစ်ပါတယ်။
လက်ရှိမေဂျာလိဂ်ရာသီမပြီးဆုံးခင်မှာ မက်ဆီရဲ့ အင်တာမိုင်ယာမီက မြက်ခင်းတုခင်းထားတဲ့ အတ္တလန်တာရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားဖို့ ရှိနေပါသေးတယ်။ အဆိုပါအသင်းရဲ့ အမှုဆောင်အရာရှိချုပ် လာဂါဝေးက “ခင်ဗျားတို့ အင်တာမိုင်ယာမီနည်းပြ တာတာမာတီနိုကို သွားမေးကြည့်လိုက်ပါ”
“သူက ကျွန်တော်တို့ မြက်ခင်းတုကွင်းရဲ့ အရည်အသွေးကို ကောင်းကောင်းရင်းနှီးပြီးသားပါ။ ကျွန်တော်တို့ကွင်းမှာ ကစားတာက သူ့ကစားသမားတွေအတွက် ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက် ဘေးကင်းတယ်ဆိုတာကို သူပြန်ရှင်းပြပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။