မက်ဆီအတွက် Parc des Princes မှာ အထူး အခမ်းအနားနဲ့ အသိအမှတ်ပြု ဂုဏ်ပြုသွားဖို့ စီစဉ်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီအတွက် Parc des Princes မှာ အထူး အခမ်းအနားနဲ့ အသိအမှတ်ပြု ဂုဏ်ပြုသွားဖို့ စီစဉ်နေပါတယ်။

Mirror ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ အဲဒီ အခမ်းအနားကို တက်ရောက်မှာမဟုတ်ဘူးလို့ သိရပြီး ပြင်သစ်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ရက်အနည်းငယ်အကြာမှာပဲ နားရက်မယူဘဲ အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအောင်ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးကို ရရှိခဲ့ပေမယ့်လည်း ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အမ်ဘာပေကြောင့် ရွှေဖိနပ်ဆုကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွင်း စံချိန်အများအပြားကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ကစားသမားဘဝတလျှောက်လုံး စောင့်မျှော်နေခဲ့ရတဲ့ နိုင်ငံတကာ ဆုဖလားကြီးကို လက်ဝယ်ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ လက်ရှိမှာတော့ အွန်းဂျေးစ်နဲ့ ကစားရမယ့် လီဂူးဝမ်းပွဲစဉ်မတိုင်မီ အက်စ်ဂျီအသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီဖြစ်ပေမယ့်လည်း ခီလီယန် အမ်ဘာပေကတော့ ပြန်လည်ပူးပေါင်းခြင်းမရှိသေးတာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်က ပြင်သစ်တိုက်စစ်မှူးဟာ ကြာသပတေးနေ့နံနက်အစောပိုင်းမှာ ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အမ်ဘာပေ အသင်းကို ပြန်လည်ရောက်ရှိလာမယ့်အချိန်ဟာ လီယွန်နယ် မက်ဆီရဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုကို Parc des Princes မှာ ဂုဏ်ပြုပြီးနောက် သိပ်မကြာခင်မှာပဲ ဖြစ်တာက တိုက်ဆိုင်မှုတော့ မဟုတ်နိုင်တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က