အင်တာမိုင်ယာမီကို မက်ဆီရောက်ရှိလာခဲ့ပြီးနောက် အသင်းက နိုင်ပွဲတွေ ဆက်တိုက်ရခဲ့ကာ လိဂ်ဖလားကိုလည်း ဆွတ်ခူးခဲ့ပါတယ်။ မက်ဆီကလည်း လိဂ်ဖလားပွဲ ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ကာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတွေ၊ အနိုင်ဂိုးတွေကို ရယူပေးခဲ့ပြီး ဒါဟာ မက်ဆီအတွက် ကြိုတင်ပြီး ဇာတ်တိုက်ထားတာ၊ လုပ်ပွဲတွေဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒီနေ့မနက်ကစားခဲ့တဲ့ US Open Cup ဆီမီးဖိုင်နယ်မှာလည်း အင်တာမိုင်ယာမီက ၂ဂိုးပြတ်အရှုံးကနေ ချေပဂိုးတွေ ပြန်သွင်းကာ အချိန်ပိုဆက်ကစား၊ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ လုပ်ပွဲလို့ ပြောဆိုနေတာတွေနဲ့ပတ်သက်ပြီး အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းကတော့ အေးအေးဆေးဆေးပဲ တုံ့ပြန်သွားခဲ့ပါတယ်။
လိဂ်ဖလားဗိုလ်လုပွဲအပြီး ရက်အနည်းငယ်အကြာမှာ ဘက်ခမ်းက "မက်ဆီက ဒီလိုဂိုးတွေထဲက တဂိုးသွင်းလိုက်တိုင်း၊ ဘက်ကွက်စ်က ဒီလိုပေးပို့မှုတွေထဲက တခုပေးပို့တိုင်း၊ အယ်လ်ဘာက ဒီလိုမျိုး ပြေးလွှားနေပုံတွေထဲက တခုလောက်လုပ်ပြတိုင်းမှာ လူတွေက ဒါက လုပ်ပွဲလားဆိုပြီးတော့ ပြောတတ်ကြပါတယ်"
"ဒါကိုကပဲ ဒီကစားသမားတွေကို အကြီးမားဆုံးချီးမွမ်းနေတာပါ၊ ဘာလို့လဲဆိုတော့ ရုပ်ရှင်တခုလိုမျိုး ဖြစ်နေလို့လေ၊ ဒီကစားသမားတွေ ကစားတာကိုကြည့်ပြီး သူတို့ကစားပုံနဲ့ ပတ်သက်တဲ့ အရာအားလုံးက လှပနေတာကြောင့် စိတ်လှုပ်ရှားစရာပါပဲ၊ သူတို့တဦးချင်းစီရဲ့ အမူအကျင့်နဲ့ပတ်သက်တဲ့ အရာအားလုံးကလည်း လှပပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။
မက်ဆီရဲ့ အင်တာမိုင်ယာမီကစားသမားဘ၀ဟာ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ၊ လှပတဲ့ ဖရီးကစ်တွေ၊ ဆုဖလားတွေနဲ့ စတင်နိုင်ခဲ့လို့လည်း ဒါဟာ မက်ဆီအတွက် ဖန်တီးပေးပြီးတော့ မေဂျာလိဂ်ပုံရိပ်ကို မြှင့်တင်ပေးနေတာဆိုတဲ့ ပြောဆိုမှုတွေ ရှိနေခဲ့တာပါ။