ကလေးထောက်ပံ့ကြေးကိစ္စကြောင့် ဖြစ်ပါတယ်။

လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အထိ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ အာဂျင်တီးနားက ထိပ်ဆုံးကနေပါဝင်နေပါတယ်။ ကမ္ဘာ့ဖလားကို ၁၉၈၆ ခုနှစ်မှာ နောက်ဆုံးဆွတ်ခူးထားတဲ့ အာဂျင်တီးနားအတွက် လာမယ့်ကမ္ဘာ့ဖလားက မျှော်လင့်ချင်စရာအကောင်းဆုံးဖြစ်နေပြီး သူတို့အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီအတွက်လည်း နောက်ဆုံးအကြိမ်ဝင်ရောက်ကစားခြင်းနဲ့ ဆုဖလားရယူနိုင်ဖို့ နောက်ဆုံးမျှော်လင့်ချက်အဖြစ်ရှိနေတာပါ။ 

ကိုပါအမေရိကဖလားကို ဆွတ်ခူးခဲ့အပြီး အာဂျင်တီးနားက နိုင်ငံတကာခြေစမ်းပွဲတွေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြခဲ့လို့လည်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်က ပိုမိုခိုင်မာလာခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ နည်းပြစကာလိုနီအတွက်ရော၊ အသင်းအတွက်ပါ စိုးရိမ်စရာကောင်းတဲ့ သတင်းတခုထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အသင်းရဲ့ အဓိကကွင်းလယ်လူတဦးဖြစ်တဲ့ ရိုဒရီဂိုဒီပေါလ်တယောက် ကမ္ဘာ့ဖလားနဲ့ လွဲချော်နိုင်တယ်ဆိုတာပါပဲ။ 

လီယွန်နယ်မက်ဆီရဲ့ အယုံကြည်ရဆုံးအသင်းဖော်တွေထဲက တဦးလို့ ပရိသတ်တွေသိထားကြတဲ့ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူဟာ သူ့ရဲ့ ချစ်သူဟောင်းဖြစ်သူ ကာမီလာဟိုးလ်မက်စ်နဲ့ တရားရင်ဆိုင်မှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။ စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဒီပေါလ်ရဲ့ တရားရင်ဆိုင်နေရမှုက ကာတာနိုင်ငံတွင်းဝင်ရောက်ဖို့အတွက်ကို အခက်အခဲဖြစ်လိမ့်မယ်လို့ သိရပါတယ်။ 

ကာတာဥပဒေတွေအရ ဗီဇာရယူမယ့်သူဟာ ပြစ်မှုထင်ရှားစီရင်ခံရတာ၊ ဥပဒေကြောင်းအရ တိုင်ကြားခံထားရတာ၊ ဒါမှမဟုတ် တရားရင်ဆိုင်နေရတာမျိုးမရှိစေရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အခု ဒီပေါလ်ရင်ဆိုင်နေရတဲ့ ပြသနာက ကလေးထိန်းသိမ်းစောင့်ရှောက်မှုအဖြစ် ထောက်ပံ့ကြေးပေးချေဖို့အတွက် အငြင်းအခုံဖြစ်နေပြီး ဒီကိစ္စက သူ့ကို ကမ္ဘာ့ဖလားနဲ့ပါ လွဲချော်စေနိုင်တဲ့အထိ အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 


ဒီလိုမျိုးရေးသားဖော်ပြမှုဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကလော်ဒီယိုတာပီယာရဲ့ မှတ်ချက်တွေအပေါ်မှာ အခြေခံထားတာဖြစ်ပြီး ကစားသမားကတော့ လာမယ့်ရက်သတ္တပတ်တွေမှာ ဒီပြသနာကို သူ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ ဒီပေါလ်က အာဂျင်တီးနားအဆိုတော် Tini Stosel နဲ့ တွဲခုတ်နေပြီး ကလေးကိစ္စကို အမြန်ဆုံးဖြေရှင်းဖို့တော့ အားထုတ်ရတော့မှာဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်းတွင်းမှာ ဩဇာကြီးမားတဲ့ မက်ဆီရဲ့ ယုံကြည်မှုနဲ့ အားကိုးမှုကို ရရှိထားတဲ့ ဒီပေါလ်ဟာ လက်ရွေးစင်အသင်းအတွက် အဓိကကစားသမားအဖြစ် ဆက်တိုက်ကစားပေးနေတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ၂နှစ်အတွင်း လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၂၀ အထိ ကစားပေးခဲ့ရပြီး ကမ္ဘာ့ဖလားမှာ အသင်းကွင်းလယ်ကို ဦးဆောင်မယ့်သူအဖြစ် ရှုမြင်ခံထားရသူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က