မက္ကဆီကိုနဲ့ပွဲမှာ အာဂျင်တီးနားကတော့ ၂-၀ နဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရသွားခဲ့ပါပြီ။ မက်ဆီနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရခဲ့တာဖြစ်ပြီး အုပ်စုဒုတိယနေရာကို ရောက်သွားကာ နောက်ဆုံးပွဲမှာ ပိုလန်နဲ့ကစားရဖို့ရှီနေပြီး အနိုင်ရရင် နောက်တဆင့်ကို တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။
ပထမပိုင်းမှာ အာဂျင်တီးနားတို့ ဂိုးမသွင်းနိုင်ဘဲဖြစ်နေခဲ့ပြီး ဒုတိယပိုင်း ၆၃ မိနစ်မှာ မက်ဆီက ဂိုးဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့ အနိမ့်ဘောကန်သွင်းယူပြီး ဦးဆောင်ဂိုးရရှိစေခဲ့တာဖြစ်ပါတယ်။ မက္ကဆီကိုဂိုးသမားအိုချူအာ ဘာမှမတတ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပြီး အဆိုပါသွင်းဂိုးရရှိခဲ့တဲ့နောက် အာဂျင်တီးနားလက်ထောက်နည်းပြ ပက်ဘလိုအိုင်းမားတယောက် အရန်ခုံတန်းမှာ မျက်ရည်ကျတဲ့အထိ ခံစားသွားခဲ့ရပါတယ်။
အာဂျင်တီးနားနာမည်ကျော်ကစားသမားဟောင်းဟာ အသင်းက မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်နေလို့ စိတ်ခံစားချက်များပြားနေခဲ့ပုံရပြီး မက်ဆီဂိုးသွင်းနိုင်ချိန်မှာ မျက်ရည်ကျခဲ့သလို အသက်ကိုလည်း ခက်ခက်ခဲခဲရှုနေခဲ့ရပုံရပါတယ်။ စိတ်လှုပ်ရှားမှုများပြားခဲ့တဲ့ အိုင်းမားရဲ့ အဖြစ်ကတော့ အားလုံးကို ကရုဏာသက်စေခဲ့ပြီး ကမ္ဘာ့ဖလားရဲ့ အခိုက်အတန့်ကောင်းတခုလည်းဖြစ်လာခဲ့ပါတယ်။
မက်ဆီကတော့ အန်ဇိုရဲ့ သွင်းဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။ ဆော်ဒိကို အရေးနိမ့်ခဲ့လို့ ရုန်းကန်ခဲ့ရတဲ့ အာဂျင်တီးနားက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီဖြစ်ပြီး ပိုလန်နဲ့ အဆုံးအဖြတ်ပွဲမှာ အခုထက်ပိုကောင်းတဲ့ ခြေစွမ်းမျိုးပြသဖို့တော့ လိုအပ်နေပါသေးတယ်။