မက်ဆီကို နိုင်ငံအသင်းမှာရွေးတဲ့အပေါ် PSG နဲ့ အာဂျင်တီးနားတို့အကြား တင်းမာနေကြတာပါ။

အာဂျင်တီးနားလက်ရွေးစင်နည်းပြ စကာလိုနီက လက်ရှိ နိုင်ငံတကာရက်သတ္တပတ် ပွဲစဥ်တွေအတွက် မက်ဆီကို အာဂျင်တီးနားလူစာရင်းမှာ ရွေးချယ်ခဲ့တဲ့အပေါ် PSG ရဲ့ ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ မက်ဆီဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် PSG မှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတာပါ။



ဒါပေမယ့်လည်း ဒီတစ်ပတ်မှာ ကစားမယ့် (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် မက်ဆီကို အာဂျင်တီးနားက ရွေးချယ်ခဲ့တာဖြစ်ပြီး PSG အားကစားဒါရိုက်တာ လီယိုနာဒိုက ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီအပေါ်မှာတော့ အာဂျင်တီးနားနည်းပြ စကာလိုနီက အခုလိုပဲ တုံ့ပြန်လာခဲ့တာပါ။

စကာလိုနီက “ယေဘုယျအားဖြင့်ပြောရရင် မက်ဆီရဲ့ အနေအထားက ကောင်းမွန်တဲ့ အနေအထားတစ်ရပ်မှာရှိပါတယ်။ သူကိုယ်တိုင်လည်း အာဂျင်တီးနားအတွက် ကစားပေးချင်သလို ကျွန်တော်ကလည်း သူ့ကို ကစားစေချင်ပါတယ်။ ကျွန်တော်တို့ လီယိုနာဒိုနဲ့ အဆက်အသွယ်ရှိပါတယ်”

“သူ့ရဲ့တုံ့ပြန်ပုံကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် မက်ဆီက နောက်ဆုံးမှာ လက်ရွေးစင်အတွက် အချိန်တွေ အများကြီး ပေးနိုင်ပါပြီ။ ကျွန်တော်တို့ သူ့ကို ရွေးတာလည်း စည်းမျဥ်းစည်းကမ်းတွေနဲ့ညီတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါတွေက ဥရောပအသင်းတွေအတွက်တော့ အမြဲတမ်း ပြဿနာဖြစ်နေမှာပါ” လို့ တုံ့ပြန်သွားခဲ့ပါတယ်။

မက်ဆီဟာ PSG မှာ ဒူးဒဏ်ရာအပါအဝင်ဒဏ်ရာနှစ်ခုကို တစ်ပြိုင်နက်တည်း ခံစားနေရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဒဏ်ရာပြဿနာအများစုက အာဂျင်တီးနားအတွက် ကစားပေးရင်းရရှိခဲ့တဲ့ ဒဏ်ရာတွေဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေတာပါ။

အာဂျင်တီးနားဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် နိုဝင်ဘာ (၁၃) မှာ ဥရုဂွေး၊ နိုဝင်ဘာ (၁၇) မှာ ဘရာဇီးတိုနဲ့ အသီးသီး ရင်ဆိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ 

Share

က္က