မက်ဆီနဲ့ အာဂျင်တီးနားလက်ရွေးစင် အသင်းဖော်ဟောင်း အဂွေရိုက မက်ဆီအနေနဲ့ လက်ရှိမှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ အင်တာမိုင်ယာမီက မေဂျာလိဂ်ပလေးအော့ဖ်ကစားဖို့အထိ ဆွဲတင်ပေးသွားဖို့ ဆုံးဖြတ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီက ထွက်ခွာခဲ့ပြီးနောက် အသင်းဟောင်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ လက်ရှိ မေဂျာလိဂ်အရှေ့ပိုင်းဇုန်မှာ အဆင့် (၁၅)၊ အောက်ဆုံးနေရာအထိ ရောက်ရှိနေပြီး မကြာခင်ကမှ အသင်းရဲ့နည်းပြချုပ် ဖီးလ်နဗီးလ်ကို ရာထူးကနေ ထုတ်ပယ်ထားတဲ့အသင်းလည်း ဖြစ်ပါတယ်။
ဒီလိုမျိုး အင်တာမိုင်ယာမီရဲ့ အခြေအနေကို အဂွေရိုက မက်ဆီထံ စခရင်ရှော့ ရိုက်ပို့ခဲ့ပေမယ့် မက်ဆီကတော့ အဂွေရို မထင်မှတ်ထားတဲ့ စကားမျိုးနဲ့ တုံ့ပြန်သွားခဲ့ပါတယ်။ ဒီအကြောင်းကို အဂွေရိုက “ကျွန်တော် မက်ဆီနဲ့ မနေ့က စကားပြောဖြစ်ခဲ့ပါသေးတယ်။ ပြီးတော့ သူ့ကို မေဂျာလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်ရပ်တည်မှုကို စခရင်ရှေ့ာ ရိုက်ပို့ခဲ့ပါတယ်။ နောက်ပြီး မင်းအသင်းက အောက်ဆုံးမှာနော်၊ မင်း အဆင့် (၈) (၉) လောက်ရအောင် လုပ်ရမှာလို့ ပြောခဲ့တယ်”
“အဲ့ဒီအချိန်မှာ မက်ဆီက ဘာပြောလဲဆိုတော့ သူတို့ ပလေးအော့ဖ် ကစားနိုင်အောင် ကြိုးစားမယ်တဲ့ဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီဟာ မေဂျာလိဂ်မှာ (၁၅) ပွဲကစား၊ ရမှတ် (၁၅) မှတ်နဲ့ အမှတ်ပေးဇယားကို အောက်ဆုံးကို ရောက်ရှိနေပြီး မက်ဆီကတော့ ဒီလိုမျိုး အခြေအနေဆိုးနေတဲ့ အသင်းတစ်သင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မက်ဆီပြောသလိုမျိုး အင်တာမိုင်ယာမီတို့ မေဂျာလိဂ်မှာ ပလေးအော့ဖ်ကစားဖို့အထိ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ထိပ်ဆုံး (၉) သင်းစာရင်းထဲ ဝင်နိုင်ဖို့ လိုအပ်ပါတယ်။ မေဂျာလိဂ်မှာ အရှေ့ပိုင်းဇုန်နဲ့ အနောက်ပိုင်းဇုန်လို့ ခွဲခြားထားပြီး အင်တာမိုင်ယာမီကတော့ အရှေ့ပိုင်းဇုန်မှာ အဆင့် (၉) နေရာက Charlotte အသင်းနဲ့ ရမှတ် (၆) မှတ်သာ ကွာဟလျက်ရှိပါတယ်။