ပြင်သစ်ဂန္တဝင်နောက်ခံကစားသမား ဖရန့်ခ် လူးဘတ်ဖ်က ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ လီယွန်နယ် မက်ဆီကို တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ဖို့ ငြင်းဆန်ခဲ့ပြီး ပီလီကိုသာ GOAT လို့ သတ်မှတ်ခဲ့ပါတယ်။
အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့မှာ အာဂျင်တီးနားအသင်းအတွက် တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် GOAT ဆိုတဲ့ဂုဏ်ပုဒ်ကို အခိုင်အမာ ရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကလပ်အသင်းနဲ့ နိုင်ငံတကာဘောလုံးလောကမှာ ရနိုင်သမျှ အဓိကဆုဖလားအားလုံးကို အနိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်ဂန္တဝင်နောက်ခံကစားသမားက စိတ်ဝင်စားစရာ အယူအဆရှိနေပြီး ပီလီဟာ ကမ္ဘာ့ဖလးကို ၃ ကြိမ်အထိ အနိုင်ရခဲ့တာကြောင့် တသက်တာအဆင့်ရပ်တည်ချက်မှာ မက်ဆီရဲ့အထက်မှာ ရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ဘယ်သူက GOAT လဲဆိုတဲ့ မူလမေးခွန်းဆီ ပြန်သွားကြမယ်။ ကျွန်တော်ထင်တာကတော့ GOAT က တစ်ယောက်ပဲ ရှိရမယ်ဆိုရင် အဲဒါက ပီလီပဲ ဖြစ်ရမယ်။ သူက ကမ္ဘာ့ဖလားကို ၃ ကြိမ်အနိုင်ရရှိခဲ့တယ်။ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားရတုန်းက အသက် ၁၇ နှစ်သားပဲ ရှိသေးတယ်။ အဲဒီအချိန်တုန်းက ခင်ဗျားမှာ ဆေးအဖွဲ့မရှိဘူး။ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်တွေမရှိဘူး။ ဒီလူက တကယ့်ကို သတ္တဝါဆိုးကြီးဖြစ်ခဲ့တာ ရှင်းပါတယ်။ သူက ဘရာဇီးလ်မှာပဲ ကစားခဲ့တယ်။ အဲဒီတော့ သူ ဘလွန်ဒေါ မရခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ဘလွန်ဒေါဆုက ဥရောပကစားသမားတွေကိုပဲ ပေးတာကြောင့်ပါ။ အဲဒီတော့ ကျွန်တော် ပီလီနဲ့ ဘယ်သူ့ကို နှိုင်းယှဉ်နိုင်မလဲဆိုတာကိုတောင် မသိပါဘူး"
"ဟုတ်ပါတယ်။ မက်ဆီက အရမ်းကောင်းတဲ့ ကစားသမားပါ။ မာရာဒိုနာ၊ ပလာတီနီနဲ့ ယိုဟန် ခရိုက်ဖ်တို့အတိုင်းပါပဲ။ ဒါပေမယ့် အကောင်းဆုံးရဲ့ အကောင်းဆုံးဆိုတဲ့ အနေအထားမှာဆိုရင်တော့ ပီလီပါ။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဖလားကို ၃ ကြိမ်အထိ အနိုင်ရရှိခဲ့လို့ပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်ဂန္တဝင် ပီလီဟာ ကမ္ဘာ့ဖလားကို ၃ ကြိမ်အထိ အနိုင်ရရှိခဲ့ဖူးတဲ့ ဘောလုံးသမိုင်းထဲက တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး ၁၉၅၈၊ ၁၉၆၂နဲ့ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ပီလီဟာ အဲဒီကမ္ဘာ့ဖလားပြိုင်ပွဲတွေထဲက ဗိုလ်လုပွဲ ၂ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားသမားဘဝ စုစုပေါင်းသွင်းဂိုး ၇၀၀ ကျော် သွင်းယူနိုင်ခဲ့တယ်လို့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။