ကနေဒါဂိုးသမား ခရီပီယူက အာဂျင်တီးနားနဲ့ ကနေဒါတို့ရဲ့ ကိုပါအမေရိကအုပ်စုအဖွင့်ပွဲမှာ မက်ဆီက သူ့ကို အရှက်မခွဲနိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ အာဂျင်တီးနားက နှစ်ဂိုးပြတ်နဲ့ ကနေဒါကို အနိုင်ရရှိခဲ့တာပါ။
ဒါက ဒီနှစ် ကိုပါအမေရိကပြိုင်ပွဲအတွက် ပထမဆုံးပွဲဦးထွက်ဖြစ်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားကတော့ အဖွင့်ပွဲမှာ အမှားအယွင်းမရှိ အနိုင်ကစားခဲ့တာပါ။ အာဂျင်တီးနားအတွက် ဂိုးတွေကို အယ်လ်ဗာရက်ဇ်နဲ့ လော်တာရိုမာတီနက်ဇ်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ကိုယ်တိုင် ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် လော်တာရိုမာတီနက်ဇ်ရဲ့သွင်းဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီက ဒီပွဲမှာ အပိုင်အခွင့်အရေး နှစ်ကြိမ်လောက်ကို လွဲချော်ခဲ့သေးတာပါ။
ပွဲအပြီးမှာ ကနေဒါဂိုးသမား ခရီပီယူက “အာဂျင်တီးနားနဲ့ ကစားချိန်မှာ ခင်ဗျားအနေနဲ့ အရေးပါတဲ့ အခိုက်အတန့်တွေ ရှိလာနိုင်တာကို သိထားရပါတယ်။ ဒီမာရီယာနဲ့ မက်ဆီတို့က အာဂျင်တီးနားဘက်မှာ ရှိနေတာကို ခင်ဗျားတို့လည်း သိပါတယ်။ နောက်ပြီး သူတို့မှာ အချို့သော ကမ္ဘာ့အဆင့် ကြယ်ပွင့်တွေလည်း ရှိပါတယ်”
“မက်ဆီကတော့ ကျနော့်ကို ပွဲချိန်အတွင်းမှာ အရှက်ခွဲနိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူနဲ့ ရင်ဆိုင်ရတာကတော့ တကယ်ကို အံ့အားသင့်စရာပါ။ ဒီအုပ်စုမှာ ကျနော်တို့က ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်၊ ခရီးရှည်ကြီးကို ဖြတ်သန်းလာခဲ့ရပြီး အခုချိန်မှာ အတူတကွတစ်ခုခုကို အရယူနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။