အင်တာမိုင်ယာမီအသင်းရဲ့ ဥက္ကဌ ဂျော့မက်စ်က သူတို့ဆီကို မက်ဆီရောက်လာခဲ့ပြီးရင် မေဂျာလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်အဆင့်မှာ ထိပ်ဆုံးအတွင်းကို ရောက်ရှိလာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မက်ဆီကတော့ မိုင်ယာမီကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိထားပြီးဖြစ်ကာ အားလပ်ရက်ပြီးဆုံးပါက အသင်းနဲ့ပူးပေါင်းမှာ ဖြစ်ပါတယ်။
မိုင်ယာမီက မက်ဆီအပြင် ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ ဘက်ကွက်စ်ကိုလည်း ခေါ်ယူထားပြီး ယော်ဒီအယ်လ်ဘာနဲ့ ဆွာရက်ဇ်တို့ကိုလည်း ချိတ်ဆက်နေပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့တဲ့ နောက်ခံလူ ဆာဂျီယိုရာမို့စ်ကိုလည်း သူတို့က ခေါ်ယူဖို့ရာ ဆွေးနွေးနေပြီဖြစ်ပါတယ်။
ဂျော့မက်စ်က "ကစားသမား ၂ယောက် ဒါမှမဟုတ် ၃ယောက်လောက် ရောက်လာပါလိမ့်မယ်၊ ယော်ဒီအယ်လ်ဘာနဲ့လည်း ကျနော်တို့ စကားပြောနေပါတယ်၊ ဆွာရက်ဇ်က စာချုပ်တခုရှိနေပြီး ဖျက်သိမ်းကြေးလည်းရှိပါတယ်၊ ဒါတွေ ဖြစ်လာမလားဆိုတာကိုတော့ ကျနော် မပြောနိုင်သေးပါဘူး"
"လီယိုမက်ဆီက အမေရိကန်လိဂ်ကို ကမ္ဘာ့အကောင်းဆုံး နံပါတ် ၂ လိဂ် ဒါမှမဟုတ် နံပါတ် ၃ လိဂ်ဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ ဇူလိုင်လ ၂၁ ရက်နေ့မှာ မိုင်ယာမီအတွက် ပထမဆုံးပွဲကို ကစားပေးလိမ့်မယ်လို့လည်း အားလုံးက ယူဆထားပါတယ်။
လက်ရှိမှာ အင်တာမိုင်ယာမီက မေဂျာလိဂ်မှာ ရလဒ်တွေဆိုးရွားနေပါတယ်။ မက်ဆီအနေနဲ့ ဒီအသင်းကို မေဂျာလိဂ်ရဲ့ အကောင်းဆုံးအသင်းတသင်းဖြစ်လာအောင် ဆွဲတင်ပေးရမှာ ဖြစ်ပြီး သူ့ရဲ့ အသင်းဖော်ဟောင်းတွေပါ ရောက်လာခဲ့မယ်ဆိုရင်တော့ လုပ်ပေးနိုင်စွမ်းရှိမယ်လို့လည်း ယူဆနေကြပါတယ်။