ဆော်ဒီရဲ့ ကြီးမားတဲ့နိုင်ပွဲရအပြီးမှာ​ ပြောဆိုခဲ့တာပါ။

ဆော်ဒီအာရေဗျက အာဂျင်တီးနားကို အံ့အားသင့်ဖွယ်ရာအနိုင်ရရှိခဲ့ပြီးနောက်မှာ ဆော်ဒီပရိသတ်တွေက မက်ဆီက နတ်ဘုရားမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါပြီ။ မနေ့က ကစားခဲ့တဲ့ပွဲမှာ အားလုံးကို အံ့အားသင့်အောင် ဆော်ဒီက လုပ်ပြနိုင်ခဲ့ပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားကို အနိုင်ယူခဲ့ကာ ကာတာမှာ ကမ္ဘာ့ဖလားပွဲအနိုင်ရတဲ့ ပထမဆုံးအာရှအသင်းဖြစ်လာခဲ့ပါတယ်။ 

ဆော်ဒီရဲ့ အောင်ပွဲကြောင့်လည်း ဒီနေ့ကို ရုံးပိတ်ရက်အဖြစ် နိုင်ငံတော်က သတ်မှတ်ပေးခဲ့ကာ ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီပွဲအပြီးမှာ ဆော်ဒီရဲ့ ခြေစွမ်းကိုလည်း အားလုံးကချီးကျူးခဲ့ကြပြီး အနိုင်ရဖို့အတွက် အားထုတ်မှုကောင်းကောင်းလုပ်နိုင်ခဲ့ပြီး နည်းဗျူဟာကျကျကစားနိုင်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။ 

ကာတာကို ကိုယ်တိုင်သွားရောက်အားပေးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ဆော်ဒီပရိသတ် မိုဟာမက်အယ်လ်ဇာရန်က "မက်ဆီက နတ်ဘုရားမဟုတ်ဘူး" လို့ ပြောဆိုခဲ့ကြောင်း Straits Times သတင်းစာကြီးက ဖော်ပြခဲ့ပါတယ်။ အယ်လ်ဇာရန်ရဲ့ သူငယ်ချင်းဖြစ်သူ Saud Fahad ကလည်း "အသင်းစိတ်ဓာတ်ပိုင်းကြောင့် ပွဲကောင်းတပွဲကစားနိုင်ခဲ့တယ်၊ အဲဒီလိုစိတ်ဓာတ်သာမရှိခဲ့ရင် ဒီနေ့ပွဲကို အနိုင်ရမှာမဟုတ်ဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

နောက်ထပ်ပရိသတ်တဦးဖြစ်တဲ့ အဗ္ဗဒူလာအိုဘိုင်ဒီကလည်း ကမ္ဘာ့ဖလားအတွက် နှစ်နှစ်လောက် ကြိုတင်ပြင်ဆင်လေ့ကျင်ပြီး အားထုတ်ခဲ့တဲ့ ကစားသမားတွေနဲ့ နည်းပြဟာဗီရန်နာ့ဒ်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ "လူတိုင်းက အာဂျင်တီးနားကိုပဲ ပြောနေကြတာ၊ မက်ဆီက လေးငါးခြောက်ဂိုးအထိ သွင်းလိမ့်မယ်လို့တောင် ပြောနေခဲ့ကြတယ်"

"ဒါပေမယ့် အခုတော့ ကမ္ဘာပေါ်က လူတိုင်းက ဆော်ဒီတို့ ကမ္ဘာ့ဖလားမှာ ဘာလုပ်နိုင်လဲဆိုတာကို မြင်သွားကြပါပြီ" လို့ ပြောဆိုဝံ့ကြွားခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ဆော်ဒီအတွက်တော့ သမိုင်းဝင်နိုင်ပွဲဖြစ်ခဲ့ပြီး အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့အတွက်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အများကြီး ခွန်အားဖြစ်လာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က