မက်ဆီနဲ့ပတ်သက်လို့ ပြင်သစ်နည်းပြဟောင်းက ပြောကြားလာတာပါ။

ပြင်သစ်လက်ရွေးစင်နည်းပြဟောင်း ဒိုမီနစ်ချ်က PSG မှာ မက်ဆီက အရင်ထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားတယောက်ဖြစ်လာတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ PSG ကို ပြောင်းရွှေ့လာခဲ့တဲ့ မက်ဆီဟာ လက်ရှိအချိန်ထိ အသင်းသစ်အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်မပြနိုင်သေးဘူးလို့ ဝေဖန်မှုတွေခံနေရတာပါ။



မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်ရဲ့ အသင်းလိုက်ကစားအား၊ လုပ်အားနှုန်းက ဝေဖန်ရေးသမားတွေအတွက် မျက်စိကျစရာဖြစ်နေပါတယ်။ အထူးသဖြင့် မန်စီးတီးကိုရှုံးခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဥ်မှာ ဒီကစားသမားသုံးယောက် ကွင်းထဲ လမ်းလျှောက်နေတဲ့ ပုံရိပ်တွေနဲ့အတူ ပြင်းထန်တဲ့ဝေဖန်စကားတွေ ကြားခဲ့ရတာပါ။

မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကို အသင်းက ပြန်ဆွဲခေါ်နေရတယ်ဆိုတဲ့ ကာရေဂါရဲ့ ပြောစကားက တော်တော်လေး လှုပ်ခတ်ခဲ့ပြီး ချန်ပီယံလိဂ်မှာ မက်ဆီက သွင်းဂိုးတွေရနေသည့်တိုင် ပြင်သစ်လီဂူးမှာ ခြေစွမ်းမတည်ငြိမ်သေးတဲ့အပေါ်မှာလည်း ဝေဖန်နေကြပါတယ်။

ဒါပေမယ့် ပြင်သစ်လက်ရွေးစင်နည်းပြဟောင်း ဒိုမီနစ်ချ်ကတော့ အားလုံးနဲ့ ဆန့်ကျင်ဘက်အမြင်မှာရှိနေပြီး မက်ဆီနဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဒိုမီနစ်ချ်က “မက်ဆီအစစ်လား? တကယ်တမ်း အဲ့ဒီစကားက ဘာအဓိပ္ပါယ်မှမရှိတဲ့ စကားပါ”

“အရင်အချိန်က မက်ဆီနဲ့ အခုချိန် မက်ဆီ ဒါပဲရှိပါတယ်။ သူကစားနေတဲ့ပွဲတွေကိုကြည့်လိုက်ရင် မက်ဆီတိုးတက်နေတယ်လို့ ကျနော်ထင်ပါတယ်။ သူက PSG မှာ အရင်ထက်ပိုပြီး တက်တက်ကြွကြွ ကစားလာတယ်၊ ပြေးလွှားနေတယ်”

“ပြီးတော့ နည်းစနစ်ပိုင်းအတွက် လိုအပ်တဲ့ ဟန်ပန်အမူအရာတွေကို လုပ်ပြပေးနေတယ်။ ပေးပို့မှုတွေ ပြုလုပ်တယ်၊ ဂိုးတွေလည်း သွင်းနေပါတယ်။ မေးခွန်းထုတ်ရမှာက မက်ဆီက ကျနော်တို့ မျှော်လင့်ထားသလို မဖြစ်သေးလို့ဆိုတာပဲရှိပါတယ်။ ဒါပေမယ့် သူက တရက်ပြီးတရက် တိုးတက်မှုတွေရှိနေတာပဲလေ”

“ကျနော့်အတွက်တော့ အခု မက်ဆီက အရင်ရက်တွေတုန်းက မက်ဆီထက် ပိုကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ PSG နောက်ဆုံး ကစားခဲ့တဲ့ ဘရုဂျက်နဲ့ချန်ပီယံလိဂ်ပွဲစဥ်မှာလည်း အသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ပြီး ပီလီရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က