မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့မက်ဆီက ဘာစီလိုနာအနေနဲ့ မက်ဆီကို မျှော်လင့်မနေနဲ့တော့လို့ ပြောလိုက်ပါပြီ။ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ မပြီးပြတ်သေးတဲ့ မက်ဆီကို ဘာစီလိုနာက ပြန်လည်ခေါ်ယူချင်နေပြီး အသင်းဟောင်းဆီ ပြန်လာမယ်လို့ မျှော်လင့်နေချိန်မှာ အခုလိုမျိုး ပြောလိုက်တာဖြစ်ပြီး ဘာကာရဲ့ မျှော်လင့်ချက်တွေကို အဆုံးသတ်ပေးလိုက်ပါတယ်။
"လီယိုက ဘာစီလိုနာအတွက် နောက်တကြိမ် ကစားပေးလိမ့်မယ်လို့ ကျနော်မထင်ဘူး၊ ဘယ်လိုကမ်းလှမ်းချက်မျိုးမှလည်း ကျနော်တို့မရထားပါဘူး၊ ပြီးတော့ လာပေါ်တာနဲ့လည်း စကားပြောထားတာမျိုးမရှိပါဘူး" လို့ သူက စပိန်သတင်းဌာန SPORT ကို ပြောသွားခဲ့တာပါ။ ပီအက်စ်ဂျီကတော့ မက်ဆီကို အသင်းမှာ ဆက်ထိန်းသိမ်းထားချင်နေပြီး ပြင်သစ်ကစားသမားဟောင်းရိုသန်ကတော့ ဒါက ဆိုးရွားတဲ့ အတွေးအခေါ်လို့ ဝေဖန်ထားပါတယ်။
အသက် ၃၅ နှစ်အရွယ် မက်ဆီကို အင်တာမိုင်ယာမီက အလွတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ဆော်ဒီကလပ်တွေကလည်း လစာငွေတနင့်တပိုးပေးဖို့ အသင့်ဖြစ်နေပါတယ်။ မက်ဆီက ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ၂၄ ပွဲကစားထားအပြီးမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၂၈ ဂိုးပြုလုပ်ထားတာပါ။