ပီအက်စ်ဂျီကတော့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ မက်ဆီကို ထည့်သွင်းကစားခဲ့ပေမယ့်လည်း အိမ်ကွင်းမှာပဲ ဘိုင်ယန်ကို ၁-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီကစားသမားဟောင်း ကိုးမန်းရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ ပဲရစ်မှာ ဘိုင်ယန်တို့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့အတွက် အခြေအနေကောင်းသွားပြီဖြစ်ကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးအသာရသွားခဲ့ပါပြီ။
ပီအက်စ်ဂျီက နေမာနဲ့ မက်ဆီကို ပွဲထုတ်လာခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဘတ်ပီကို ထည့်သွင်းကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်က ပိုမိုကောင်းမွန်တဲ့ တိုက်စစ်ကစားပုံနဲ့ အန္တရာယ်ပေးနိုင်တဲ့ တိုက်စစ်ဆင်မှုတွေကို ပိုလုပ်နိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှုတွေလည်း ပိုကန်သွင်းနိုင်ခဲ့ကာ အဝေးကွင်းမှာ ခြေစွမ်းပိုင်းအရတော့ အနည်းငယ်အသာရခဲ့ပြီး ၅၃ မိနစ်မှာ ကင်စလေကိုးမန်းက အနိုင်ဂိုးသွင်းသွားခဲ့ပါတယ်။
လူစားဝင်လာတဲ့ ဘတ်ပီက ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် VAR က ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ဟာ ပွဲပြီးခါနီးမှာ နောက်ခံလူဘင်ဂျမင်ပါဗက် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရလို့ ခံစစ်ကို ပိုမိုအားပြုခဲ့ရပြီး အနိုင်ဂိုးကို ထိန်းသိမ်းသွားခဲ့ပါတယ်။ မက်ဆီကတော့ ဘိုင်ယန်ကစားသမားတွေ သူ့ကို ကောင်းကောင်းကြီးထိန်းထားနိုင်ခဲ့လို့ နည်းလမ်းရှာဖို့ရာ ရုန်းကန်ခဲ့ရပါတယ်။
ဒီပွဲကို အရေးနိမ့်ခဲ့တာကြောင့် မက်ဆီဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ကနေ စောစောစီးစီးပဲ ထွက်ခွာသွားရနိုင်တဲ့ အနေအထားကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့တာကြောင့် ထွက်ခွာခဲ့ရပြီး ဒီရာသီကတော့ ၁၆ သင်းအဆင့်ကနေပဲ လှည့်ပြန်ရဖွယ်ရှိနေကာ ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေက ပျက်ပြားဖို့နီးစပ်နေပြီဖြစ်ပါတယ်။
မြူးနစ်မှာကစားရမယ့်ပွဲကို ဖောင်ဖျက်ကစားရတော့မှာဖြစ်ပြီး ဒါဟာ တသင်းလုံးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်လာတော့မှာပါ။ နာမည်ကျော်ကစားသမားကောင်းတွေကို နှစ်တိုင်းခေါ်ယူပြီး ချန်ပီယံလိဂ်ဖလားရဖို့ မျှော်လင့်နေတဲ့ ပီအက်စ်ဂျီရဲ့ ရည်မှန်းချက်ကတော့ အကောင်အထည်ပေါ်လာဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။