ဘာစီလိုနာဟာ လီယွန်နယ် မက်ဆီ နူးကမ့်ကို စိတ်လှုပ်ရှားဖွယ် ပြန်လာနိုင်အောင် ၂ နှစ်စာချုပ် ကမ်းလှမ်းသွားချင်နေတယ်လို့ စပိန်ကသတင်းတွေအရ သိရပါတယ်။
အာဂျင်တီးနားကြယ်ပွင့်ဟာ ယခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်တာနဲ့ ပီအက်စ်ဂျီကို စွန့်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပြီး စပိန်လာလီဂါထိပ်သီးအသင်းကြီးက အလွတ်နဲ့ ပြန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ လာလီဂါဥက္ကဌ တီဘက်စ်က မတ်လမှာ ဘာစီလိုနာအသင်းအနေနဲ့ ယခုနွေရာသီမှာ နောက်ထပ် ကစားသမားခေါ်ယူမှု ပြုလုပ်ခွင့်ရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း Mundo Deportivo ရဲ့ဖော်ပြချက်အရ လာပေါ်တာက မက်ဆီ အိမ်ပြန်လာမှုက လာမယ့်ရာသီ ၎င်းတို့ရဲ့ ဝင်ငွေ လေးပုံ တစ်ပုံနဲ့ သုံးပုံ တစ်ပုံကြား ရရှိနိုင်တယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။
ဥက္ကဌ လာပေါ်တာ ဦးဆောင်တဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေကလည်း ကမ္ဘာ့ဖလားချန်ပီယံ ပြန်လာမှုက ကြီးကြီးမားမား အောင်မြင်ခဲ့တဲ့ ‘Air Jordan’Nike အမှတ်တံဆိပ်လိုမျိုး အကျိုးသက်ရောက်မှုမျိုးရှိလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီကလည်း အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီနဲ့ ပုံမှန် ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ လူသိရှင်ကြား ဝန်ခံခဲ့တာဖြစ်ပြီး ဘာစီလိုနာဂန္တဝင်ကွင်းလယ်ကစားသမားဟောင်းဟာ လာမယ့်ရာသီ လူစာရင်းထဲမှာ မက်ဆီကို ထည့်သွင်းထားပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဘဏ္ဍာရေးအပိုင်းမှာလည်း အသင်းတာဝန်ရှိသူတွေက မက်ဆီ ပြန်လာမှုက လာမယ့် ၂၀၂၃-၂၀၂၄ ရာသီအတွက် အသင်းဝင်ငွေရဲ့ ၂၅ ခိုင်နှုန်းအထိ တိုးမြှင့်နိုင်မယ်လို့ ခန့်မှန်းထားပြီး ၃၃ ရာခိုင်နှုန်းအထိတောင် တိုးမြင့်လာနိုင်တယ်လို့ အကောင်းမြင်မှုတွေ ရှိနေတာဖြစ်ပါတယ်။
အသင်းရဲ့ ပြီးခဲ့တဲ့ဘုတ်အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေက မက်ဆီဟာ ရှပ်ရောင်းချရမှု၊ လက်မှတ်ရောင်းချမှု၊ စပွန်ဆာ၊ လူမှုကွန်ရက်လှုပ်ရှားမှုနဲ့ အသင်းခရီးစဉ်တွေအပေါ်မှာ အခြေခံထားတဲ့ ဝင်ငွေထဲက ပေါင်သန်း ၂၂၀-၂၆၅ သန်းကြား ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ ပြောကြားခဲ့တဲ့အကြောင်း Mundo Deportivo က ဖော်ပြခဲ့ပါတယ်။
အဲဒီကမ်းလှမ်းမှုဟာ လီယွန်နယ် မက်ဆီ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ဗိုလ်မစွဲခင်ကဖြစ်ပြီး ပီအက်စ်ဂျီအသင်းကတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေကို အာဂျင်တီးနားကြယ်ပွင့်က အလဲထိုးခဲ့တာကြောင့် အာဂျင်တီးနားကြယ်ပွင့်နဲ့ပတ်သက်ပြီး အမြတ်မထုတ်နိုင်ဖြစ်ခဲ့တယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။
လီယွန်နယ် မက်ဆီအတွက် ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုဟာ ဘာစီလိုနာအသင်းနဲ့အတူ နောက်ဆုံးအကြိမ် တောက်ပခွင့်ပြုရုံသာမက ၂၀၂၄ ခုနှစ်မှာ အသင်းရဲ့ ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရစေမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။
မက်ဆီ ပြန်လာမှုကနေ ဝင်ငွေကို အမြင့်မားဆုံးမြှင့်တင်နိုင်အောင်လုပ်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာမှာဖြစ်တယ်လို့ အသင်းသတင်းရင်းမြစ်တွေက Mundo ကို ပြောကြားခဲ့ပြီး အချိုကလည်း ကျော်ကြားတဲ့ ‘Air Jordan’ Trainer အမှတ်တံဆိပ်လောက်ကို မက်မောလောက်ဖွယ် အကျိုးအမြတ်ရလိမ့်မယ်လို့ ခံစားနေရကြောင်း သိရပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာဟာ ယခုနွေရာသီမှာ ကစားသမားသစ်ခေါ်ယူဖို့ အခွင့်အရေးရှိချင်တယ်ဆိုရင် လက်ရှိကစားသမားတွေကို ရောင်းချပြီး ပေါင် ၁၇၈ သန်းအထိ ရရှိအောင် လုပ်ရမှာဖြစ်တယ်လို့ အသိပေးခြင်း ခံထားရတာဖြစ်ပါတယ်။
မတ်လတုန်းက နောက်ဆုံးသတင်းအရ လာပေါ်တာက အသင်းဟာ အားကောင်းတဲ့အနေအထားမှာရှိနေပြီး လစာပေးချေမှုပမာဏထဲက ပေါင်သန်း ၁၅၀ အထိ လျော့ချသွားမှာဖြစ်ပြီး ဘယ်ကစားသမားကိုမှ ရောင်းချဖို့ လိုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာဟာ ၂၀၂၂ နွေရာသီတုန်းက ဘဏ္ဍာရေးပြဿနာတွေရှိနေပေမယ့်လည်း လီဝန်ဒေါကီး၊ ရာဖင်ညာ၊ ကွန်ဒေတို့လို ကစားသမားတွေကို ကြီးမားတဲ့ ငွေကြေးသုံးစွဲပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ကြီးမားတဲ့ငွေကြေးသုံးစွဲနိုင်ဖို့ ရုပ်သံမူပိုင်ခွင့်အပါအဝင် စီးပွားရေးလီဗာအများအပြားကို ဖြုတ်ပစ်ခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းဟာ ကြွေးမြီပေါင် ၁ ဘီလီယံဝန်းကျင် ကျန်ရှိနေသေးတယ်လို့ ယူဆရပါတယ်။
Share