မက်ဆီကို ဘလွန်းဒီအောဆုပေးမယ်လို့ ပြောဆိုခဲ့တဲ့ ပေါ်တူဂီအသင်းဖော်ဘာနာဒိုဆေးလ်ဗားကို အင်စတာဂရမ်မှာ ရော်နယ်ဒိုက unfollow လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ သိရှိရတာဖြစ်ပြီး ဘာနာဒိုဆေးလ်ဗားက အင်တာဗျူးတခုမှာ အမေးအဖြေပြုလုပ်ခဲ့ပြီးတော့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့သာ ဘာနာဒိုဆေးလ်ဗားအနေနဲ့ ဘလွန်းဒီအောဆုရွေးချယ်ရေးကော်မတီမှာ ပါဝင်နေမယ်ဆိုရင် ဆုကို ဘယ်သူ့ကို ပေးမလဲဆိုတဲ့ မေးခွန်း မေးမြန်းခံခဲ့ရပါတယ်။ မန်စီးတီးနဲ့ ပေါ်တူဂီ ကစားသမားက "မက်ဆီပေါ့၊ အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် မက်ဆီကိုပဲ ပေးမှာပါ၊ ဘာလို့လည်းဆိုတော့ သူက ကမ္ဘာ့ဖလားကို ဆွတ်ခူးထားလို့ပါ" လို့ ဖြေဆိုခဲ့ပါတယ်။
ဒီနောက်မှာတော့ ရော်နယ်ဒိုရဲ့ အင်စတာဂရမ်အကောင့်က Follow လုပ်ထားသူ စာရင်းမှာ ဘာနာဒိုဆေးလ်ဗား မပါဝင်တဲ့ Screenshot နဲ့အတူ ရော်နယ်ဒိုက unfollow လုပ်သွားတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့ အရင်ကတည်းက ရော်နယ်ဒိုက Follow မလုပ်ထားတာသာ ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။
အခြားသောပရိသတ်တွေကတော့ ဒီလုပ်ရပ်က အမှန်လို့ ယူဆနေပြီး ရော်နယ်ဒိုကို လှောင်ပြောင်မှုတွေ လုပ်ခဲ့ကြပါတယ်။ ပရိသတ်တဦးက "ရော်နယ်ဒိုက သူ့အသင်းဖော်တွေအကုန်လုံးကို unfollow လုပ်မှာပဲ၊ သူက မက်ဆီတဦးတည်းကိုပဲ Follow လုပ်တော့မှာ" ဆိုပြီး ရေးသားပြောဆိုခဲ့ပါတယ်။