ဆော်ဒီအာရေဗျ ပရော်ဖက်ရှင်နယ်လိဂ်ရဲ့ အကြီးအကဲတွေဟာ မက်ဆီကို အငှားနဲ့ ခေါ်ယူပြီး ရော်နယ်ဒိုနဲ့ ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်စေမယ့် အစီအစဉ်ကို လက်မလျှော့သေးကြောင်း သိရှိရပါတယ်။ မက်ဆီဟာ လက်ရှိမှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအတွက် ကစားပေးနေတာပါ။
မက်ဆီအနေနဲ့ သူ့ရဲ့ မိခင်ကလပ် အင်တာမိုင်ယာမီက မေဂျာလိဂ် ပလေးအော့ဖ် ကစားခွင့်နဲ့ လွဲချော်ခဲ့ရပြီဖြစ်တာကြောင့် အားလပ်ရက်ရှည်ရရှိတော့မှာပါ။ အဆိုပါ အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ လာမယ့် အောက်တိုဘာလ (၂၁) ရက်နေ့မှာ အင်တာမိုင်ယာမီအတွက် ဒီရာသီ နောက်ဆုံးပွဲကို ကစားပေးရမှာပါ။
အဲ့ဒီနောက်ပိုင်းကစလို့ မက်ဆီတစ်ယောက် အနားရမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလကုန်အထိ အားလပ်ရက်ရရှိသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဆော်ဒီပရိုလိဂ်ရဲ့ တာဝန်ရှိသူတွေက ဒီကာလအပိုင်းအခြားမှာ မက်ဆီကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြတာပါ။
အစောပိုင်းမှာတော့ ဒီသတင်းတွေက မဖြစ်နိုင်တဲ့အကြောင်း ဖော်ပြခဲ့ကြပေမယ့် ဆော်ဒီဘက်က အကြီးအကဲတွေကတော့ ဒါကို အခုချိန်အထိ လက်မလျှော့သေးပါဘူး။ မက်ဆီကိုယ်တိုင်ကတော့ ဒီကာလမှာ အနားယူမလားဒါမှမဟုတ် အခြားအသင်းတစ်သင်းကို အငှားနဲ့ သွားကစားမလားဆိုတာ မသိနိုင်သေးပါဘူး။
ဆော်ဒီပရိုလိဂ်ရဲ့ တာဝန်ရှိသူတွေကတော့ မက်ဆီကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် အင်တာမိုင်ယာမီနည်းပြဘက်ကတော့ ဒီသတင်းကို ငြင်းဆန်ထားပါတယ်။ ဘာစီလိုနာကလည်း ကစားသမားဟောင်း မက်ဆီကို ပြန်လည်ခေါ်ယူဖို့ သတင်းထွက်နေပေမယ့် ဘဏ္ဍာရေးအခြေအနေအရ မက်ဆီကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေမရှိပါဘူး။