ဒီနေ့ကစားရမယ့် အာဂျင်တီးနားနဲ့ပွဲမှာ မက်ဆီကို ထိန်းချုပ်ဖို့အတွက် ကစားသမားတဦးထက် ပိုပြီးလိုအပ်တယ်လို့ ပိုလန်နည်းပြ Czeslay Michniewicz က ပြောဆိုလိုက်ပါတယ်။ ဒီပွဲမှာတော့ ပိုလန်က သရေကစားရုံနဲ့ နောက်တဆင့်ကို တက်နိုင်မှာဖြစ်ပြီး အာဂျင်တီးနားကတော့ မဖြစ်မနေအနိင်ကစားဖို့ လိုအပ်နေကာ အရေးပါတဲ့ပွဲတပွဲအဖြစ်ရှိနေပါတယ်။
ဒီပွဲကို အနိုင်ရရှိဖို့အတွက် မက်ဆီကို ကစားသမားအများအပြားကို တားဆီးစေမယ်လို့ ပွဲမတိုင်ခင် ပြောဆိုခဲ့ပါတယ်။ မက်ဆီကတော့ အာဂျင်တီးနားအတွက် ၂ပွဲဆက်တိုက် ဂိုးသွင်းယူထားတာဖြစ်ပြီး အသင်းအတွက် အရေးအပါဆုံးကစားသမားအဖြစ်ရှိနေကာ သူ့ကိုဟန့်တားနိုင်မယ်ဆိုရင်တော့ အာဂျင်တီးနားဆီက အမှတ်ရယူနိုင်ဖို့က လွယ်ကူမှာဖြစ်ပါတယ်။
Michniewicz က "ကျနော်တို့ အယ်လ်ဘာတိုတွမ်ဘာ (အီတလီနှင်းလျှောစီးကမ္ဘာ့ချန်ပီယံ) အကြောင်း ပြောဖြစ်ခဲ့တယ်၊ သူက လူတိုင်းကို ရှောင်ရှားနိုင်တယ်၊ ဒါကြောင့် သူ့ကို အခက်အခဲတွေဖြစ်အောင် ကျနော်တို့ ကစားသမားတွေ ထားဖို့လိုအပ်ပါတယ်၊ သူ့ကိုတားဆီးဖို့ လူတဦးထက်မက လိုအပ်ပါတယ်" လို့ မက်ဆီကို ရည်ရွယ်ကာ ပြောဆိုခဲ့ပါတယ်။
ဒ့ါအပြင် ဒီပွဲက မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ နှစ်ဦးတည်းသက်သက်ရင်ဆိုင်ရမယ့်ပွဲ မဟုတ်ဘူးလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။ "ဒါက တင်းနစ်မဟုတ်ပါဘူး၊ တဦးချင်းရင်ဆိုင်ရတာလည်းမဟုတ်ဘူး၊ ရောဘတ်က သူ့အသင်းဖော်တွေကို လိုအပ်သလို လီယိုကလည်း အတူတူပါပဲ၊ ကျနော်တို့က ဒီ တိုက်စစ်မှူးကြီးတွေကို အားထားနေရတာဖြစ်ပေမယ့် တဦးချင်းဆိုရင်တော့ အနိုင်မယူနိုင်ပါဘူး" လို့ ဆိုပါတယ်။
ဒီပွဲမှာတော့ မက်ဆီက ကမ္ဘာ့ဖလားကို နှုတ်ဆက်သွားမလား၊ လီဝန်ဒေါစကီးကပဲ တာ့တာပြသွားမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ တကယ်လို့သာ ဒီပွဲက သရေကျခဲ့ပြီး တဖက်ပွဲမှာ မက္ကဆီကိုက ဆော်ဒီကို ဂိုးမပြတ်ဘဲ အနိုင်ရခဲ့မယ်ဆိုရင်တော့ ပိုလန်နဲ့ အာဂျင်တီးနားတို့ နှစ်သင်းစလုံး နောက်တဆင့်ကို တက်ရောက်နိုင်ဖွယ်ရာတော့ ရှိပါတယ်။