အင်တာမီလန်ရဲ့ ဒုတိယဥက္ကဌ ဇနက်တီက မက်ဆီကို ခေါ်ယူလိုပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေက ရှုပ်ထွေးသွားနိုင်ကြောင်း ပြောကြားခဲ့ပြီး မက်ဆီကို မလိုချင်တဲ့သူ ဘယ်သူရှိပါ့မလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။ မက်ဆီဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာပါ။
အသင်းနည်းပြ ဂဲလ်တီယာကိုယ်တိုင်က လာမယ့်တစ်ပတ် ပြင်သစ်လီဂူးနောက်ဆုံးပွဲက မက်ဆီအတွက် ပီအက်စ်ဂျီ ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ မက်ဆီကို ပြန်လည်ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာ၊ ဆော်ဒီကလပ်တွေနဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီတို့က စိတ်ဝင်စားလျက်ရှိပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း မတိုးကြောင်းကို အရင်ကတည်းက ဆုံးဖြတ်ခဲ့ပေမယ့် အနာဂတ်အတွက် ဘယ်အသင်းကို ရွေးချယ်မယ်ဆိုတာတော့ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ အင်တာမီလန်ကလည်း မက်ဆီ ဘာစီလိုနာကနေ ထွက်ခွာချိန်က ခေါ်ယူဖို့ ဆန္ဒရှိခဲ့တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပြီး ဇနက်တီကလည်း အခုချိန်မှာ မက်ဆီနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဇနက်တီက “ဘဏ္ဍာရေးစည်းမျဥ်းစည်းကမ်းတွေက ဒါတွေကို ရှုပ်ထွေးအောင် လုပ်နေပါတယ်။ အခုချိန်မှာတော့ အင်တာမီလန်က ဘဏ္ဍာရေးအရ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ အားကစားပိုင်းမှာရော၊ ဘဏ္ဍာရေး စီမံကိန်းတွေမှာပါ ဆောင်ရွက်နေဆဲပါ။ မက်ဆီကို မလိုချင်တဲ့သူရယ်လို့ရော ရှိပါ့မလားဗျာ”
“ဒါပေမယ့် ကျွန်တော်တို့ သူ့ကို မခေါ်ယူနိုင်ပါဘူး။ လူတိုင်းက သူ့ကို ချစ်ခင်ပေမယ့် သူ့ကို ခေါ်ယူနိုင်တဲ့ အသင်းက နည်းနည်းပဲရှိတာပါ။ အခုချိန်မှာ သူ ဘာကိုရွေးချယ်မလဲ၊ သူ့ရဲ့ တန်ကြေး ဘယ်လောက်ရှိမလဲ ဒါတွေကို ထည့်သွင်းတွက်ချက်ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။