အင်တာမိုင်ယာမီပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ သူ့အသင်းရဲ့ ကြယ်ပွင့် မက်ဆီကို စောင့်ရှောက်ပေးဖို့ သက်တော်စောင့်ကို သူကိုယ်တိုင် ရွေးချယ်ခေါ်ယူခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ ပုဂ္ဂိုလ်ဟာ အမေရိကန်စစ်သားဟောင်းတစ်ယောက်ဖြစ်သလို MMA ဖိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။
မက်ဆီ အင်တာမိုင်ယာမီကို ရောက်ပြီးနောက်ပိုင်းမှာ ဒီပုဂ္ဂိုလ်က မက်ဆီရဲ့ အနီးအနားမှာ အမြဲတမ်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သက်တော်စောင့်က မက်ဆီ ပွဲကစားနေချိန်မှာလည်း ကွင်းဘေးစည်းအထိ လိုက်ပါ စောင့်ရှောက်လေ့ရှိပါတယ်။
ဒီသက်တော်စောင့်ကတော့ ယာဆင်းချူကိုလို့ အမည်ရပြီး အာဂျင်တီးနားသတင်းဌာနက သူ့ရဲ့နောက်ကြောင်း အပြည့်အစုံကို ထုတ်ဖော်ခဲ့ပါတယ်။ ချူကိုဟာ အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အီရတ်၊ အာဖဂန်နစ္စတန်တို့မှာလည်း အမေရိကန်တပ်တွေနဲ့အတူ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ဒါ့အပြင် သူက MMA ဖိုက်တာတစ်ယောက်လည်းဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ ပထမဆုံးပွဲကို ထိုင်းနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာလည်း ချူကိုက ပထမအချီ (၁) မိနစ်ခွဲမှာတင် ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူခဲ့ပါတယ်။ ဘက်ခမ်းကတော့ ဒီလိုမျိုး ပုဂ္ဂိုလ်ကို မက်ဆီအတွက် သက်တော်စောင့်အဖြစ် ကိုယ်တိုင် ရွေးချယ်ငှားရမ်းပေးခဲ့တာလည်း ဖြစ်ပါတယ်။
ချူကိုဟာ မက်ဆီ အသင်းဘတ်စ်ကားပေါ်ကနေ ဆင်းတာနဲ့ တစ်ပြိုင်နက် နောက်ကနေ ထပ်ကြပ်မကွာအောင် လိုက်ပါ စောင့်ရှောက်ပေးသူပါ။ ဒါ့အပြင် မက်ဆီရဲ့ ပရိသတ်တွေအနေနဲ့ သူ့ရှေ့မှာ မက်ဆီနဲ့အတူ ဓာတ်ပုံတွဲရိုက်ခံရင်တောင် မက်ဆီရဲ့အသားကို ထိခွင့််မပေးတဲ့အထိ လုံခြုံရေးတင်းကျပ်ထားတာဖြစ်ပါတယ်။