မက်ဆီတစ်ယောက် လေဆိပ်မှာ သောင်တင်နေခဲ့တာပါ။

အာဂျင်တီးနားလက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီဟာ အာဂျင်တီးနားအတွက် ခြေစမ်းပွဲ ကစားဖို့ သွားရောက်ရင်း လမ်းခရီးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကတော့ သူ့အနေနဲ့ ပတ်စ်ပို့ မှားယွင်းကိုင်ဆောင်ထားတာကြောင့်ဖြစ်ပြီး တရုတ်နယ်စပ်က တာဝန်ရှိသူတွေက မက်ဆီကို ဟန့်တားခဲ့ကြပါတယ်။



မက်ဆီဟာ သူ့ရဲ့ အာဂျင်တီးနားပတ်စ်ပို့ကို အသုံးပြုရမယ့်နေရာမှာ စပိန်ပတ်စ်ပို့ကို အသုံးပြုခဲ့တာကြောင့် လေဆိပ်မှာ (၂) နာရီကြာ ‌သောင်တင်ခဲ့ရပါတယ်။ မက်ဆီဟာ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စပိန်ပတ်စ်ပို့ကို ကိုင်ဆောင်ကာ ဘေဂျင်းလေဆိပ်ကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီခရီးစဥ်က မက်ဆီတစ်ယောက်တည်း သွားရောက်တဲ့ ခရီးစဥ်မဟုတ်ခဲ့ပါဘူး။

မက်ဆီဟာ သူ့ရဲ့ ကိုယ်ရံတော်တွေ၊ လက်ရွေးစင်ဟောင်း ဒီမာရီယာအပါအဝင် သူငယ်ချင်းတွေနဲ့အတူ အခုလိုမျိုး ခရီးသွားလာခဲ့တာဖြစ်ပြီး သြစတြေးလျနဲ့ ကြာသပတေးနေ့မှာ ကစားမယ့် ခြေစမ်းပွဲအတွက် သွားရောက်ခဲ့တာပါ။ မက်ဆီက ဘေဂျင်းကို ရောက်ရှိချိန်မှာ လေဆိပ်အာဏာပိုင်တွေရဲ့ တားဆီးခြင်းကို ခံခဲ့ရပြီး သူ့ရဲ့ ပတ်စ်ပို့နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက အဆင်မပြေဖြစ်ခဲ့ရပါတယ်။

အသက် (၃၅) နှစ်အရွယ် မက်ဆီဟာ တိုင်ဝမ်နိုင်ငံကို တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆခဲ့ပုံရတာကြောင့် တိုင်ဝမ်မှာ အသုံးပြုခဲ့ဖူးတဲ့ စပိန်ပတ်စ်ပို့ကို တရုတ်ပြည်မှာ ထပ်မံအသုံးပြုဖို့ ပြင်ဆင်ခဲ့တာပါ။ မက်ဆီက “တိုင်ဝမ်ကလည်း တရုတ်မဟုတ်ဘူးလား” လို့ လေဆိပ်မှာ မေးမြန်းခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

 

မက်ဆီအနေနဲ့ အာဂျင်တီးနားပတ်စ်ပို့ကိုလည်း သယ်ဆောင်လာခဲ့ခြင်းမရှိတာကြောင့် ဗီဇာရရှိဖို့အတွက် အချိန် (၂) နာရီအကြာ စောင့်ဆိုင်းခဲ့ရပြီးမှ အဆင်ပြေခဲ့ကာ လေဆိပ်ထဲကနေ ထွက်ခွာခွင့််ရရှိခဲ့ပါတယ်။ မက်ဆီကို ကြိုဆိုဖို့အတွက်လည်း ရာနဲ့ချီတဲ့ ပရိသတ်အရေအတွက်က ဘေဂျင်းလေဆိပ်မှာ စောင့်ဆိုင်းနေခဲ့ကြောင်းလည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က