အာဂျင်တီးနားမှော်ဆရာနဲ့ ရင်ဆိုင်ကစားရတာက ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို အသားပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်နောက်ခံကစားသမား ကီရန် ထရစ်ပီယာက အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကစားခဲ့တဲ့အချိန်အတွင်း လီယွန်နယ် မက်ဆီကို လူကပ်နိုင်အောင် ဆီမီယွန်နီက အသင်းကို ဘယ်လို ကြိုတင်ပြင်ဆင်လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထရစ်ပီယာဟာ စပိန်လာလီဂါထိပ်သီးအသင်းကြီးမှာ ကစားသမားဘဝကို ၃ နှစ်ကြာအချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ကစားခဲ့ရဖူးတာ ဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမီယွန်နီက လီယွန်နယ် မက်ဆီနဲ့ ဘာစီလိုနာအသင်းကို ရင်ဆိုင်ကစားရမယ့်ပွဲမတိုင်ခင် ကစားသမားတွေကို ပြောနေကျစကားလုံးတစ်လုံးက 'ဆုတောင်း'ဖြစ်တယ်လို့ သိရပြီး အသက် ၃၂ နှစ်အရွယ် နောက်ခံကစားသမားက အာဂျင်တီးနားမှော်ဆရာနဲ့ ရင်ဆိုင်ကစားရတာက ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို အသားပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

ထရစ်ပီယာက လီယွန်နယ် မက်ဆီကို ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ "ပြောရရင် ခင်ဗျား မဖြေရှင်းနိုင်ပါဘူး။ အဲဒါက ရယ်ရတယ်။ ဘာလို့လဲဆိုတော့ ဆီမီယွန်နီက နည်းပြဖြစ်ပြီး သူတို့ ၂ ယောက်စလုံးက အာဂျင်တီးနားသားတွေဖြစ်နေလို့ပါ။ သူက မက်ဆီနဲ့ တွေ့ဆုံရမယ့်ပွဲမတိုင်ခင် များသောအားဖြင့် ဆုတောင်းလို့ပဲပြောပါလိမ့်မယ်။ ခင်ဗျား သူ့ကို တားဆီးဖို့ ဘာမှ လုပ်လို့မရဘူး။ စီစဉ်ထားလို့မရနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူက အရမ်းထူးခြားလို့ပါ"လို့ Goal ကို ပြောကြားခဲ့ပါတယ်။

စပိန်မှာ ကစားခဲ့တဲ့ ကာလအတွင်း ထရစ်ပီယာဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ အက်သလက်တီကို မက်ဒရစ်နဲ့အတူ လာလီဂါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး အဲဒီရာသီမှာ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာက ဖလားမရခဲ့ပေမယ့်လည်း သွင်းဂိုး ၃၀ နဲ့ လာလီဂါထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့အတွက် ပီချီချီဆုကို ရယူသွားနိုင်ခဲ့သေးတာဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ ပီချီချီဆုကို ၈ ကြိမ်အထိ အနိုင်ရရှိထားပြီး ဘယ်ကစားသမားကမှ လီယွန်နယ် မက်ဆီထက် ပိုပြီး ပီချီချီဆုကို ရရှိထားခြင်း မရှိသေးတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က