ဘာစီလိုနာရဲ့ ဥက္ကဌဟောင်း ဘာတိုမြူက အသင်းအနေနဲ့ မက်ဆီကို ထွက်ခွာခွင့်ပေးလိုက်တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
ဘာတိုမြူလက်ထက် ဘာစီလိုနာမှာ စီမံခန့်ခွဲမှု အလွဲအမှားတွေ အများကြီးရှိခဲ့တယ်လို့ လက်ရှိဥက္ကဌ လာပေါ်တာနဲ့ ဘာစီလိုနာပရိသတ်တွေက လက်ခံထားပြီး မက်ဆီကို အခုလိုလက်လွှတ်လိုက်ရတာကလည်း ဘာတိုမြူလက်ထက်က ပါလာတဲ့ အကျိုးသက်ရောက်မှုတွေလို့ ဆိုနေကြတာပါ။
ဒါပေမယ့် ဘာတိုမြူကတော့ အခုလိုပြောကြားလာတာဖြစ်ပြီး သူသာအသင်းမှာရှိသေးရင် မက်ဆီကို အာရှ ဒါမှမဟုတ် မေဂျာလိဂ်မှာ သွားကစားဖို့အတွက်ပဲ လက်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်တည်းက ဘာစီလိုနာကို စွန့်ခွာဖို့ ဆန္ဒရှိခဲ့ပေမယ့် အသင်းက ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီ၊ စာချုပ်သက်တမ်းကုန်ချိန်မှာတော့ မက်ဆီက အသင်းမှာဆက်နေချင်သည့်တိုင် ဘာစီလိုနာတို့ မက်ဆီကို စာချုပ်သစ်မချုပ်နိုင်ဘဲ အခုလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ PSG ကို လက်လွှတ်ခဲ့ရတာပါ။ ဒီအပေါ်မှာတော့ ဘာတိုမြူက “ကျွန်တော်ကတော့ မက်ဆီ ကျွန်တော်တို့အသင်းမှာ အမြဲတမ်းရှိနေဖို့က သေချာပေါက် အရေးကြီးတဲ့ကိစ္စအဖြစ် တွေးခဲ့တာပါ”
“သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေတာကြောင့် တစ်ခုတည်း မဟုတ်ပါဘူး။ သူ့ရဲ့ စီးပွားရေးဆိုင်ရာ လွှမ်းမိုးမှုနဲ့ အသင်းအဖွဲ့ကို လွှမ်းမိုးနိုင်စွမ်းရှိမှုတို့ကြောင့်ပါ။ မက်ဆီကို သွားခွင့်ပေးလိုက်တာ မှားတာပဲဗျ။ သူက ဘောလုံးသမားတစ်ယောက်ဆိုတာထက် ပိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီ ထွက်ခွာဖို့ ကြိုးစားခဲ့စဥ်ကာလအပေါ်မှာလည်း ဘာတိုမြူက “မက်ဆီက ဘာစီလိုနာက ထွက်ချင်ခဲ့တယ်ဗျ။ သူနဲ့ ကျွန်တော်တို့ စကားပြောခဲ့ပြီး ကျွန်တော်ကတော့ လက်မခံပါဘူး။ မက်ဆီက ဘာစီလိုနာအတွက် အရမ်းအရေးကြီးတယ်ဆိုတာကို ကျွန်တော့်ခေါင်းထဲမှာ အမြဲတမ်းရှိပါတယ်။ ဘာစီလိုနာကလည်း သူ့အတွက် အရမ်းအရေးကြီးပါတယ်”
“သူသာ ထွက်သွားရင် ဆိုးရွားတဲ့ပြဿနာတွေ ကြုံရမယ်လို့ တွေးခဲ့ပြီး အခု လက်တွေ့ဖြစ်နေပါပြီ။ သူ့အနေနဲ့ ဇာဗီ၊ အင်နီယေစတာတို့လို ကာတာ၊ တရုတ် ဒါမှမဟုတ် အမေရိကကို သွားချင်တယ်ဆိုရင်တော့ ကျွန်တော် လက်ခံပေးမှာပါ။ သူ့ကိုဂုဏ်ပြုနှုတ်ဆက်ပွဲပါ လုပ်ပေးမှာပါ။ ဒါပေမယ့် အဲ့ဒီတုန်းက မက်ဆီက အသင်းသစ်မရှိသေးဘဲ အလွတ်ပြောင်းချင်တာပါ”
“ဥရောပမှာ ဘာစီလိုနာက သူ့အတွက် နောက်ဆုံးအသင်းဖြစ်စေချင်ခဲ့ပါတယ်။ တခြားတိုက်ကြီးကို သွားကစားချင်ရင် ဒါပြဿနာမရှိပါဘူး။ ဒါက လွန်ခဲ့တဲ့ (၂၀၂၀) နွေရာသီကဖြစ်ရပ် အကျဥ်းချုပ်ပါပဲ” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဘာတိုမြူဟာ ပြီးခဲ့တဲ့ (၂၀၂၀)၊ အောက်တိုဘာမှာ ဘာစီလိုနာဥက္ကဌအဖြစ်က နှုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်မှာ လာပေါ်တာက အသင်းဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။