အေစီမီလန်နဲ့ဘိုလော့ဂ်နာပွဲမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ ဘိုလော့ဂ်နာတို့ရဲ့ စီးရီးအေပွဲမှာတော့ ဂိုးမရှိသရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ အေစီမီလန်တို့ ဒီရလဒ်ကြောင့် ချန်ပီယံပြေးလမ်းကြောင်းမှာ နစ်နာခဲ့ရသလို ဒုတိယပိုင်းမှာလည်း အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်တယောက် မျက်ခုံးကွဲသွားခဲ့ပါတယ်။



အီဘရာဟီမိုဗစ်ဟာ ဒီပွဲရဲ့ ပွဲထွက်ကစားသမားစာရင်းမှာမပါဝင်ခဲ့ဘဲ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အီဘရာဟီမိုဗစ်က ပြိုင်ဘက် ဘိုလော့ဂ်နာ နောက်ခံလူ မီဒယ်လ်နဲ့ လေထဲမှာ ခေါင်းခုန်တိုက်ရင်း မျက်ခုံးကွဲသွားခဲ့ပါတယ်။ နှစ်ယောက်လုံးက လဲကျသွားခဲ့ပြီး မီဒယ်လ်တယောက် ဘာမှမဖြစ်ခဲ့ဘဲ အီဘရာဟီမိုဗစ်ကတော့ ပတ်တီးစည်းလိုက်ရပါတယ်။

အီဘရာဟီမိုဗစ်ဟာ သူဒီလိုမျိုးခံလိုက်ရတဲ့အပေါ် ထုံးစံအတိုင်းပဲ ဒေါသပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးကြီးက သွေးတွေစီးကျနေတဲ့ သူ့ရဲ့ဒဏ်ရာကို လက်ညှိုးထိုးပြပြီး မီဒယ်လ်ကို အရေးယူဖို့ ဒိုင်လူကြီးကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ကတော့ လေထဲမှာခေါင်းယှဥ်တိုက်ရင်း ဖြစ်တဲ့အပေါ် မီဒယ်လ်ကို အဝါကတ်မပြခဲ့ပါဘူး။

ရုပ်သံပြကွက်တွေအရ အီဘရာဟီမိုဗစ်ရဲ့မျက်ခုံးကို မီဒယ်လ်ရဲ့ခေါင်းက ပြင်းထန်အားပါတဲ့အရှိန်နဲ့ ဆောင့်မိခဲ့တာဖြစ်ပါတယ်။ လေထဲကဘောလုံးကို ယှဥ်လုတဲ့အခါတိုင်း အပွဲပွဲနွှဲခဲ့တဲ့ အီဘရာဟီမိုဗစ်တယောက် ဒီတခါတော့ ချီလီသားနဲ့တွေ့မှပဲ အကြီးအကျယ်ခံလိုက်ရတယ်လို့ ပရိသတ်တွေက နောက်ပြောင်နေပါတယ်။

အဆိုပါ ချီလီလက်ရွေးစင် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ (၂၀၁၉) ကိုပါအမေရိကဖလားပွဲမှာတုန်းကလည်း အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီနဲ့ ကွင်းထဲမှာ ခိုက်ရန်ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကလည်း မက်ဆီရဲ့တုံ့ပြန်မှုက သာမန်သာဖြစ်ခဲ့ပေမယ့် မီဒယ်လ်ကတော့ ဒေါသတကြီးနဲ့ မက်ဆီကို တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကွင်းလယ်ဒိုင်က မက်ဆီကိုရော၊ မီဒယ်လ်ကိုရော တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က