ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်း ခရစ္စတီယန်ကာရမ်ဗျူးက ပီအက်စ်ဂျီမှာ ဝေဖန်မှုတွေနဲ့အတူ ရုန်းကန်နေရတဲ့ မက်ဆီကို ကာကွယ်ပြောကြားပေးလိုက်ပါတယ်။ ဘာစီလိုနာအကယ်ဒမီ လာမာစီယာထွက် မက်ဆီဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကာလရှည် ပြိုင်ဘက်တွေဖြစ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့နွေရာသီမှာတော့ မက်ဆီတယောက် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး ပြဿနာကြောင့် ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ပြင်သစ်မြေမှာ မက်ဆီအတွက် အရာအားလုံး ပိုမိုလွယ်ကူမယ်ထင်ခဲ့ကြပေမယ့် တက်တက်စင်အောင် လွဲခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီပရိသတ်တွေရဲ့ ပြန်လည်လှောင်ပြောင်မှုနဲ့ပါ ရင်ဆိုင်နေရပါတယ်။
မက်ဆီဟာ ပြင်သစ်လီဂူးမှာ (၄) ဂိုးသာ သွင်းယူထားနိုင်ပြီး ဒီရာသီမှာ သူ့ရဲ့ပြိုင်ပွဲစုံ သွင်းဂိုးအရေအတွက်က သူဂိုးတိုင်ထိတဲ့ အကြိမ်အရေအတွက်ထက်တောင် ပိုနည်းနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့် ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်ကနေ စောစောစီးစီး ထွက်ရပြီးနောက် မက်ဆီအပေါ် ပီအက်စ်ဂျီပရိသတ်တွေရဲ့ ဝေဖန်မှုက ပိုမိုဆိုးရွားလာပါတယ်။
ဒါပေမယ့်လည်း ကာရမ်ဗျူးက “ခင်ဗျားတို့အနေနဲ့ မက်ဆီကို ဘယ်တော့မှ လှောင်ပြောင်လို့မရပါဘူး။ မက်ဆီက ထိလွယ်ရှလွယ်ရှိတဲ့ ကစားသမားပါ။ အခု ဖြစ်နေတာတွေက မက်ဆီကို လှောင်ပြောင်တဲ့ ပရိသတ်တွေရဲ့ အမှားကြောင့်ပါ။ ဘာလို့လဲဆိုတော့ မက်ဆီက ပရိသတ်တွေဆီက ချစ်ခင်မှုတွေကို အမြဲတမ်း လိုအပ်နေတဲ့ ကစားသမားမို့လို့ပါ”
“တကယ်လို့သာ အားလုံးက သူ့ကို ချစ်ခင်ပေးကြတယ်ဆိုရင် သူက ထင်ထင်ပေေါ်ပေါ်နဲ့ ခြေစွမ်းပြနိုင်ပါလိမ့်မယ်။ ဘာစီလိုနာကနေ ထွက်ခွာခဲ့ရတာက သူ့အတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီမတိုင်ခင်ကလည်း ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးကြီး ဘန်ဇီမာ အပါအဝင် မက်ဆီရဲ့ အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်၊ အဂွေရိုတို့က မက်ဆီကိုလှောင်ပြောင်နေတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေနဲ့ ပတ်သက်လို့ ပြန်လည်ဝေဖန်ထားကြပါသေးတယ်။