လာပေါ်တာက မက်ဆီအပေါ် အကြွေးတင်နေသလို ခံစားနေရတာပါ။

ဘာစီလိုနာဥက္ကဌ လာပေါ်တာက မက်ဆီကို ပြန်လည်ခေါ်ယူဖွယ်ရှိတဲ့အကြောင်းကို အရိပ်အမြွက် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ်သစ်ကိစ္စအဆင်မပြေဘဲ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။



မက်ဆီဟာ ကစားသမားဘဝကို လာမာစီယာကနေ အစပြုခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝတခုလုံးကို ဘာစီလိုနာအတွက်ပဲ မြှုပ်နှံပေးသွားမယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေက မက်ဆီကို ဒီလိုမျိုး ဘာစီလိုနာနဲ့ ခွဲခွာစေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီကိုယ်တိုင်က ဘာစီလိုနာမြို့ကို သံယောစဥ်ရှိနေဆဲဖြစ်ပြီး ဘာစီလိုနာပရိသတ်တွေကလည်း မက်ဆီကို ချစ်ခင်နေကြဆဲပါ။ လက်ရှိအချိန်မှာလည်း ဘာစီလိုနာဥက္ကဌ လာပေါ်တာက “ဘာစီလိုနာအတွက် မက်ဆီက အရာရာဖြစ်ခဲ့တယ်၊ သမိုင်းတလျှောက် အကောင်းဆုံးကစားသမားဖြစ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာသမိုင်းမှာ ယိုဟန်ခရိုက်ဖ်နဲ့ နှိုင်းယှဥ်လို့ရတာ မက်ဆီပဲရှိခဲ့ပါတယ်”

“ဒါပေမယ့် မက်ဆီ ကျနော်တို့ဆီက ထွက်သွားတာက အမှန်တကယ်ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာသမိုင်းမှာ မက်ဆီရဲ့ကဏ္ဍ ပြီးဆုံးပြီလို့တော့ ကျနော်မထင်ပါဘူး။ ဒီလိုမပြီးဆုံးဖို့ကလည်း ကျနော်တို့ရဲ့ တာဝန်လို့ ကျနော် ယူဆပါတယ်။ နောက်ပြီး အဆုံးသတ်သင့်တဲ့အတိုင်း ကောင်းမွန်တဲ့အခိုက်အတန့်တွေနဲ့ အဆုံးသတ်ဖို့၊ ပိုပြီးခမ်းနားတဲ့ အဆုံးသတ်တွေကို ဖန်တီးနိုင်ဖို့အတွက်လည်း ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ဘာစီလိုနာဥက္ကဌတယောက်အနေနဲ့ ဘာလုပ်ရမလဲ ကျနော်စဥ်းစားရပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့ပုဂ္ဂိုလ်ရေးအမြင်ရော၊ အသင်းဥက္ကဌတယောက်အနေနဲ့ရော ပြောရရင် ကျနော် မက်ဆီအပေါ် အကြွေးတင်နေတယ်ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး နည်းပြ ဇာဗီကလည်း မက်ဆီနဲ့ ပီအက်စ်ဂျီ စာချုပ်သက်တမ်းကုန်ဆုံးသွားချိန်မှာ ဘာစီလိုနာထံ ပြန်လည်ခေါ်ယူပေးဖို့ လာပေါ်တာထံ တောင်းဆိုထားကြောင်း စပိန်အခြေစိုက်သတင်းဌာန Sport က ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က