ချီလီနီနဲ့တွေ့တိုင်း မက်ဆီက တဂိုးမှမသွင်းနိုင်ခဲ့ဖူးပါဘူး။

အီတလီ လက်ရွေးစင် နောက်ခံလူ ချီလီနီဟာ သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝ နောက်ဆုံးပွဲမှာ မက်ဆီနဲ့ပြိုင်ဘက်အဖြစ် ရင်ဆိုင်မယ့်အပေါ် ဂုဏ်ယူမိတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီကနေ့ညမှာတော့ Finalissima အဖြစ် အာဂျင်တီးနားနဲ့အီတလီတို့ ရင်ဆိုင်ကစားရမှာပါ။



ဒါဟာ ပြီးခဲ့တဲ့နှစ် ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားနဲ့ ယူရိုချန်ပီယံ အီတလီတို့ ထိပ်တိုက်တွေ့တာဖြစ်ပြီး ဝင်ဘလေကွင်းမှာ ကစားသွားမှာပါ။ ဒီပွဲမှာ ချီလီနီက သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝ (၁၁၇) ပွဲမြောက်နဲ့ နောက်ဆုံးသော ပွဲလည်းဖြစ်လာပါလိမ့်မယ်။ အီတလီနည်းပြ မန်စီနီကလည်း ချီလီနီကို ပွဲကစားခွင့်ပေးသွားဖွယ်ရှိပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့ ယူအီးအက်ဖ်အေရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ချီလီနီက အခုလိုပဲ ပြောပါတယ်။ ချီလီနီက “လှပတဲ့ပွဲတပွဲပါ။ အာဂျင်တီးနားမှာ ထူးခြားကောင်းမွန်တဲ့ ကစားသမားတွေရှိပါတယ်။ သူတို့နဲ့ပတ်သက်လာရင် ခင်ဗျားစိတ်ထဲ အရင်ဆုံးရောက်လာတဲ့ ကစားသမားက သေချာပေါက် မက်ဆီပဲဖြစ်မှာပါ။ ဒါပေမယ့် သူ့ကို ဝန်းရံထားတဲ့ အခြားကစားသမားတွေကလည်း ထူးချွန်ကြပါတယ်”

“အာဂျင်တီးနားက ကိုပါအမေရိကဖလားကို မတော်တဆ ရရှိခဲ့တာလည်း မဟုတ်ပါဘူး။ မက်ဆီကလည်း ဘောလုံးလောကရဲ့ အထင်ကရတခုပါ။ သူက ထာဝရအကောင်းဆုံးဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ကျနော်က ပြောရမှာမဟုတ်ပါဘူး။ ကျနော့်ရဲ့ နိုင်ငံလက်ရွေးစင် နောက်ဆုံးသောပွဲကို မက်ဆီနဲ့ ရင်ဆိုင်ခွင့်ရတာ ကျေနပ်စရာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ ချီလီနီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတွေမှာ တဂိုးမှမသွင်းယူခဲ့ဖူးဘဲ ရော်နယ်ဒိုကတော့ ချီလီနီပါဝင်တဲ့အသင်းကို (၉) ဂိုးအထိ သွင်းယူခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်လည်း ဒီကနေ့ည ချီလီနီရဲ့ လက်ရွေးစင်နောက်ဆုံးပွဲမှာ မက်ဆီ ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ 

Share

က္က