မက်ဆီနဲ့ပီကေးတို့အကြား ဆက်ဆံရေးတင်းမာမှုတွေရှိနေတဲ့အကြောင်းကို ဂျာနယ်လစ် လူးဝစ်ကာနက်က ဖွင့်ဟလာပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ တနင်္လာညက ဇာဗီရဲ့မွေးနေ့အတွက် ဘာစီလိုနာမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး မွေးနေ့ရှင်အပါအဝင် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂျော်ဒီအယ်လ်ဘာ၊ ဘတ်စ်ကွက်စ်တို့နဲ့အတူ စပိန်က ဂျပန်စားသောက်ဆိုင်မှာ မွေးနေ့ပွဲကျင်းပခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီမွေးနေ့ပွဲမှာ ဘာစီလိုနာရဲ့ သြဇာအကြီးမားဆုံး ကစားသမားတွေထဲက တယောက်လို့ပြောရမယ့် ပီကေးကို မမြင်တွေ့ခဲ့ရပါဘူး။ ဒါဟာ မက်ဆီနဲ့ပီကေးတို့အကြား ဆက်ဆံရေး ပြိုကွဲမှုတွေကြောင့်လို့ ဂျာနယ်လစ် ကာနက်က ဖွင့်ဟလာပါတယ်။
ကာနက်က “ပီကေး ဘာစီလိုနာနဲ့ နောက်ဆုံးအကြိမ် စာချုပ်သက်တမ်းတိုးလိုက်တာက မက်ဆီအတွက် အများကြီး ထိခိုက်စေခဲ့ပါတယ်။ ပီကေးက သူ့ကို လှည့်စားခဲ့သလိုလည်း သူခံစားနေရပါတယ်။ ဘာလို့လဲဆိုတော့ ပီကေးအနေနဲ့ သူလိုချင်တဲ့ အခွင့်အရေးတွေအားလုံးကို စာချုပ်သစ်မှာ ဘာမှမလျှော့ပေးခဲ့လို့ပါ”
“မက်ဆီအသင်းကနေ ထွက်သွားတဲ့အချိန်ထိကို ပီကေး ဘာမှလျှော့မယူခဲ့ပါဘူး။ မက်ဆီဘက်ကလည်း သူအသင်းက မထွက်ရအောင် ပီကေး တခုခုလုပ်ပေးခဲ့သင့်တယ်လို့ ခံစားနေရပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။
မက်ဆီနဲ့ပီကေးတို့ဟာ ဘာစီလိုနာ ကစားသမားဘဝတလျှောက်လုံး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ နှစ်ယောက်သားအကြား ဆက်ဆံရေး အေးခဲသွားခဲ့ပါတယ်။ ဂျာနယ်လစ် ကာနက်ဟာ မကြာခင်ကပဲ ပီကေး လစာလျှော့ယူတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ဝေဖန်ခဲ့လို့ ပီကေးက သူ့ရဲ့ လစာဖြတ်ပိုင်းကို ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။
ကာနက်က ကော်တင်ဟို၊ အမ်တီတီ၊ ဒမ်ဘီလီ၊ ဘတ်စ်ကွက်စ်နဲ့ ဂျော်ဒီအယ်လ်ဘာတို့ရဲ့ လစာငွေတွေကိုလည်း ထုတ်ဖော်ခဲ့ပေမယ့် ဘာစီလိုနာကတော့ ကာနက် ဖော်ထုတ်ခဲ့တဲ့အရာတွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။