အင်တာမိုင်ယာမီဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ မက်ဆီကို ခေါ်ယူနိုင်ခဲ့တာကြောင့် ကွင်းတွင်း၊ ကွင်းပြင် အကျိုးစီးပွားတွေ တော်တော်လေး တိုးတက်လာခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့ပြီးနောက် အင်တာမိုင်ယာမီ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းရဲ့ စည်းရုံးမှုကြောင့် အမေရိကန်မြေကို ရောက်ရှိလာခဲ့တာပါ။
မက်ဆီ ရောက်ရှိလာပြီးကတည်းက အင်တာမိုင်ယာမီနဲ့ မေဂျာလိဂ်ကို ပရိသတ် စိတ်ဝင်စားမှုက တော်တော်လေး မြင့်တက်လာခဲ့ပါတယ်။ အင်တာမိုင်ယာမီကလည်း ကွင်းတွင်းခြေစွမ်းပိုင်း ကောင်းမွန်လာခဲ့သလို မက်ဆီကလည်း အမေရိကန်မြေမှာ အသင်းသစ်နဲ့အတူ ပထမဆုံး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးပါပြီ။
အခုချိန်မှာတော့ အင်တာမိုင်ယာမီရဲ့ စီးပွားရေးဒါရိုက်တာက မက်ဆီကြောင့် အသင်းရဲ့ ဝင်ငွေက မနှစ်ကထက် (၄) ဆအထိ ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အင်တာမိုင်ယာမီဟာ ပြီးခဲ့တဲ့နှစ်အတွက် ဝင်ငွေ အမေရိကန်ဒေါ််လာ (၅၆) သန်း ရရှိခဲ့ပါတယ်။
ဒါပေမယ့် မက်ဆီ ရောက်လာပြီးနောက်ပိုင်းမှာတော့ ဒီပမာဏက (၄) ဆ အထိ ထောင်တက်သွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အင်တာမိုင်ယာမီတို့ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ (၂၂၅) သန်းဝန်းကျင်အထိ ရရှိနိုင်ပါတယ်။
အင်တာမိုင်ယာမီရဲ့ စီးပွားရေးဒါရိုက်တာ ဇာဗီယာအဆန်စီက “မက်ဆီ ရောက်ရှိလာခဲ့တာက ကွင်းအတွင်းမှာ အရာအားလုံးကို အနိုင်ရစေပါတယ်။ မိုဒရစ်၊ ရာမို့စ်၊ ဂရစ်ဇ်မန်း၊ ဘူးစကွက်စ်တို့က သူ့လောက် စီးပွားရေးအရ အကျိုးမပြုပါဘူး။ မက်ဆီက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပါ။ (၂၀၂၄) ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းက (၄) ဆအထိ မြင့်တက်လာမှာပါ။ ဒါက မက်ဆီမရောက်ခင်နဲ့ ရောက်ပြီး အင်တာမိုင်ယာမီနဲ့ မေဂျာလိဂ်တစ်ခုလုံးရဲ့ အခြေအနေပါ” လို့ ပြောကြားသွားခဲ့ပါတယ်။