တရုတ်အမျိုးသားတဦးဟာ မက်ဆီလက်မှတ်ရေးထိုးထားပြီး ဒေါ်လာ ၁၅၀၀၀ တန်ကြေးရှိတဲ့ ရွှေဘောလုံးတလုံးကို ဝယ်ယူခဲ့ရာမှာ ပစ္စည်းပေးပို့တဲ့ ကုမ္ပဏီဘက်က အမှားအယွင်းကြောင့် လက်ခံရရှိခြင်းမရှိခဲ့ဘဲ ဆုံးရှုံးခဲ့ရပါတယ်။ ဒီအတွက် သူဟာ ၁၃ ဒေါ်လာသာ လျော်ကြေးပြန်ရခဲ့ပြီး လက်ရှိမှာတော့ ဒီကိစ္စက တရုတ်လူမှုကွန်ရက်ပေါ်မှာ တော်တော်လေး လူပြောများနေပါတယ်။
Xue လို့ အမည်ရတဲ့ ဒီအမျိုးသားဟာ တရုတ်အရှေ့ပိုင်းကဖြစ်ပြီး လက်ရှိမှာတော့ လျော်ကြေးငွေထပ်မံရရှိဖို့အတွက် အစိုးရပိုင် Express Mail Service နဲ့ ညှိနှိုင်းနေရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုတခုမှာတော့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားရဲ့ အထိမ်းအမှတ်ပစ္စည်းတွေ ရောင်းချဖို့ စီစဉ်ထားတဲ့ ဇယားကို သတင်းမှတ်တမ်းနဲ့အတူ ဖော်ပြထားခဲ့ပါတယ်။
Xue ဟာ အကန့်အသတ်နဲ့သာ ထုတ်လုပ်ခဲ့တဲ့ ဒီဘောလုံးကို သူ ဝယ်ယူခဲ့တယ်ဆိုတာကို သူ့သူငယ်ချင်းနေထိုင်ရာအိမ်ကို ပို့ဆောင်ပေးဖို့ ပြောခဲ့တာပါ။ Express Mail ရဲ့ ဝန်ဆောင်မှုအပေါ် ယုံကြည်စိတ်ချတာကြောင့် သူက ကုန်ပစ္စည်းမှာယူကာ ပို့ဆောင်ဖို့အတွက် မှာကြားခဲ့ပေမယ့်လည်း ပစ္စည်းက ရောက်ရှိမလာခဲ့တာဖြစ်ပါတယ်။ မှာယူပြီး နောက်တနေ့မှာ ပစ္စည်းကို သယ်ဆောင်လာပြီဆိုတာကို ကုမ္ပဏီရဲ့ လမ်းကြောင်းစနစ်ကနေ သူက တွေ့ရှိခဲ့ကာ သူ့ သူငယ်ချင်းကို စိတ်လှုပ်ရှားစွာနဲ့တောင် ပြောဆိုခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူက ပစ္စည်းရောက်မလာဘူးလို့ ပြောခဲ့ပါတယ်။
ကုမ္ပဏီကို Xue က ဖုန်းဆက်ကာ မေးမြန်းခဲ့ရာမှာတော့ ကုမ္ပဏီက သူ့ သူငယ်ချင်းနေထိုင်ရာ အိမ်ယာကို ပို့ဆောင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ပစ္စည်းပို့သူဟာ ပါဆယ်ထုပ်ကို အိမ်နီးနားချင်းရဲ့ တံခါးပေါက်မှာ ချထားခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါကြောင့် Xue နဲ့ သူ့သူငယ်ချင်းက အိမ်နီးချင်းကို သွားရောက်မေးမြန်းခဲ့ပေမယ့်လည်း သူတို့လည်း မယူဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် Xue က လျော်ကြေးပြန်ရဖို့ ကုမ္ပဏီကို ပြောဆိုခဲ့ပြီး ကုမ္ပဏီဘက်က ၁၃ ဒေါ်လာ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
Xue ကတော့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့လို့ ကုမ္ပဏီက ထပ်တိုးပေးမယ်ပြောခဲ့ပေမယ့် အတိအကျတော့ မသိရပါဘူး။ လက်ရှိမှာ ပါဆယ်ထုပ်ကို ယူခဲ့တယ်လို့ သံသယရှိတဲ့ အိမ်နီးနားချင်းကို တရားစွဲဖို့အတွက် ကုမ္ပဏီက စီစဉ်နေပါတယ်။ တရုတ်လူမှုကွန်ရက်ပေါ်မှာတော့ ဒါဟာ အိမ်နီးနားချင်းက ခိုးယူခဲ့တာလို့ မှတ်ချက်ပြုနေသလို ပစ္စည်းပို့သူကလည်း မပို့ဘဲ ပြန်ယူသွားတာဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။