အင်တာမိုင်ယာမီအတွက် ပွဲဦးထွက်အဖြစ် မက်ဆီဟာ မက္ကဆီကိုကလပ် Cruz Azul အသင်းနဲ့ ကစားရမယ့် ဇူလိုင်လ ၂၂ ရက်နေ့ လိဂ်ဖလားပွဲကို ပါဝင်ဖွယ်ရှိနေပါတယ်။ Cruz Azul အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ခ်လီရာကတော့ မက်ဆီပါဝင်လာမယ်ဆိုလည်း သူတို့က ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့လမ်းခွဲပြီးနောက် မိုင်ယာမီကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ သူက တရားဝင်မပြောင်းရွှေ့ရသေးပေမယ့် လာမယ့်အပတ်ထဲမှာ ကစားသမားသစ်အဖြစ် ကြေညာဖွယ်ရှိကာ မက္ကဆီကိုကလပ် Cruz Azul နဲ့ပွဲကို သူ ဝင်ကစားပေးလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားတာဖြစ်ပါတယ်။
အဲရစ်လီရာက "ဒါက ထူးခြားတဲ့ အခွင့်အရေးပါ၊ ပြိုင်ပွဲအသစ်လည်းဖြစ်တယ်၊ ကျနော်တို့ တိုက်ပွဲဝင်သွားမှာပါ၊ ဒါက ကျနော်တို့အတွက် အခြားသောပြိုင်ပွဲတခုဖြစ်ပြီး မက်ဆီကလည်း အခြားကစားသမားတဦးဆိုတဲ့ အနေအထားပါပဲ၊ သူ့မှာ အရှိန်အဝါတွေရှိနေပါသေးတယ်၊ ဒါပေမယ့် ကျနော်တို့ အနိုင်ယူသွားမှာပါ"
"သူလည်း ခြေထောက်နှစ်ဖက်နဲ့ မျက်စိနှစ်လုံးပဲရှိတာပါ၊ တခြားကစားသမားတွေလိုပါပဲ" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ မက်ဆီကတော့ မေဂျာလိဂ်ကိုမရောက်ခင်မှာပဲ စိန်ခေါ်သံတွေကို စတင်ကြားလိုက်ရတာဖြစ်ပြီး သူ ဘယ်လိုကစားသမားလဲဆိုတာကို ပြသရဖို့ရှိလာခဲ့ပါပြီ။
အင်တာမိုင်ယာမီဟာ မက်ဆီနဲ့အတူ ဘာကာအသင်းဖော်ဟောင်း ဆာဂျီယိုဘက်ကွက်စ်ကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဘာကာနဲ့ အာဂျင်တီးနားနည်းပြဟောင်း တာတာမီတီနိုကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်ထားပါတယ်။