ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ အာဂျင်တီးနားနဲ့ ကစားရတော့မယ့် ဩစတြေးလျအသင်းရဲ့ ကစားသမားတွေကတော့ ပြိုင်ဘက်အသင်းရဲ့ နာမည်ကျော်ကစားသမား မက်ဆီကို လေးစားမှုရှိပေမယ့် ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မက်ဆီက သူတို့လိုပဲ လူသားတဦးဖြစ်တာကြောင့် ဘာမှခြားနားမှုမရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
ဩစတြေးလျကတော့ အုပ်စုတွင်းမှာ တူနီးရှားနဲ့ ဒိန်းမတ်ကို ဆက်တိုက်အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့တာပါ။ အာဂျင်တီးနားလည်းက အလားတူပဲဖြစ်ပြီး အဖွင့်ပွဲမှာ ဆော်ဒီကို အရေးနိမ့်ခဲ့ကာ မက္ကဆီကိုနဲ့ ပိုလန်ကို ဆက်တိုက်အနိုင်ရခဲ့ပြီး နောက်တဆင့်တက်ခဲ့တာပါ။ ဒီနေ့မှာတော့ သူတို့နှစ်သင်းကစားရတော့မှာဖြစ်ပါတယ်။
ဩစတြေးလျနောက်ခံလူဒီဂျီနက်ခ်က "မက်ဆီကို ကျနော် အမြဲတမ်းချစ်ခင်ပါတယ်၊ သူက ပွဲတိုင်းမှာ ကြီးကျယ်ခမ်းနားစွာနဲ့ ကစားနိုင်ခဲ့တယ်လို့လည်း ထင်တယ်၊ ဒါပေမယ့် သူကလည်း ကျနော်တို့လိုပဲ လူသားတဦးဖြစ်လို့ သူနဲ့ ရင်ဆိုင်ရတာက ဂုဏ်ယူစရာမရှိပါဘူး၊ တကယ်ဂုဏ်ယူစရာက ကမ္ဘာ့ဖလားမှာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့မှုပါ"
"ဒီအတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါတယ်၊ အာဂျင်တီးနားနဲ့ဖြစ်ဖြစ်၊ ပိုလန်နဲ့ဖြစ်ဖြစ် ၁၆ သင်းအဆင့်မှာ ဩစတြေးလျအတွက် ကိုယ်စားပြုခွင့်ရတာက ဂုဏ်ယူစရာပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒိန်းမတ်နဲ့ပွဲမှာ အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့တဲ့ မတ်လက်ကီးကလည်း "ဒါက မိနစ် ၉၀ ပွဲပါ၊ ၁၂၀ လည်းဖြစ်သွားနိုင်တယ်၊ ရှုံးထွက်ပွဲတပွဲပါ"
"ကျနော်တို့ ဒီအဆင့်ကို ရောက်လာမယ်လို့ ဘယ်သူကမှလည်း မထင်ခဲ့လို့ အရာအားလုံးကို ပစ်ချထားနိုင်ခဲ့ပြီး သူတို့ကို နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ဖိအားမျိုးလည်းမရှိပါဘူး၊ ပျော်ပျော်ပါးပါးနဲ့ ခံစားဖို့ပဲလိုပါတယ်၊ ဘယ်သူကမှ ကျနော်တို့နိုင်ခဲ့မယ်မထင်ဘူး၊ ဒီတော့ ကျနော်တို့ လုပ်ခဲ့တာက ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်သလိုပါပဲ၊ ပြီးတော့ ၁၁ ယောက်ချင်းကစားရမှာပါ၊ မက်ဆီ ၁၁ ယောက်နဲ့ ကစားရမှာမဟုတ်ပါဘူး၊ တယောက်တည်းပါ" လို့ ပြောသွားခဲ့ပါတယ်။