ဘိုင်ယန်က နှစ်ကျော့ပေါင်း ၃-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပီအက်စ်ဂျီကတော့ မြူးနစ်မှာလည်း ဘိုင်ယန်ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကို နှုတ်ဆက်သွားခဲ့ရပါပြီ။ ပထမအကျော့က ရှုံးထားတဲ့ ရှုံးကြွေးကို ပြန်မဆပ်နိုင်ခဲ့တဲ့အပြင် ၂-၀ နဲ့ ထပ်အရေးနိမ့်ခဲ့ပြီး မက်ဆီ၊ ဘတ်ပီတိုံလည်း ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချခဲ့ရပါတော့တယ်။ဘိုင်ယန်ကတော့ အိမ်ကွင်းမှာ သက်တောင့်သက်သာလေး ကစားပြီး ဒုတိယပိုင်းမှာ အနိုင်ဂိုးတွေသွင်းကာ နှစ်ကျော့ပေါင်းရလဒ် ၃-၀ နဲ့ ပီအက်စ်ဂျီကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။

နေမာ မပါဝင်တာကလွဲရင် ပီအက်စ်ဂျိက မက်ဆီနဲ့ ဘတ်ပီ၊ ကျန်နာမည်ကျော်ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် မြူးနစ်မှာ သူတို့က အချိန်တန်ရင် ပြိုင်ပွဲကထွက်ရမယ်လို့ စီရင်ချက်ချခံထားရသူတွေလိုမျိုး ကစားသွားခဲ့ပြီး ဘယ်လိုစိတ်လှုပ်ရှားစရာမျိုးကိုမှ မလုပ်ပြနိုင်ခဲ့ပါဘူး။ ဘတ်ပီကလည်း လူငယ်ကစားသမားဖြစ်တဲ့ စတန်နီဆစ်ရဲ့ ထိန်းချုပ်မှုအောက်ရောက်ခဲ့ပြီး နေရာတွေတောင် ပြောင်းကစားခဲ့ရပါတယ်။ ဘိုင်ယန်က ဒီပွဲအတွက် သေချာပြင်ဆင်ခဲ့ပြီး ရင်ဆိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဘိုင်ယန်အတွက် အနိုင်ဂိုးတွေကိုတော့ ၆၁ မိနစ်မှာ ချူပိုမိုတင်း၊ ၈၉ မိနစ်မှာ နာဘရီတို့က သွင်းယူခဲ့ကြတာပါ။ မက်ဆီကတော့ ဘာစီလိုနာမှာတုန်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ဘယ်တုန်းကမှ ၂ နှစ်ဆက်တိုက် မလွဲချော်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ပီအက်စ်ဂျီကို ရောက်တဲ့ ၂ နှစ်မှာ ၂နှစ်စလုံး ကွာတားဖိုင်နယ်နဲ့ လွဲချော်ခဲ့ရပြီး သူ့အတွက် ချန်ပီယံလိဂ်ဖလား နောက်ထပ်တကြိမ် ဆွတ်ခူးနိုင်ဖို့က မဖြစ်နိုင်တော့သလောက်ရှိနေခဲ့ပါပြီ။

ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့အတွက် နာမည်ကျော်ကစားသမားတွေကို နှစ်တိုင်းခေါ်ပြီး အိပ်မက်တွေမက်နေတဲ့ ပီအက်စ်ဂျီတို့ ဒီတနှစ်လည်း ဝေးခဲ့ပြန်ပါပြီ။ ချန်ပီယံလိဂ်က သူတို့နဲ့ ကံမစပ်သေးဘူးလို့ပဲ ပြောရမလား၊ ရယူနိုင်ဖို့ အရည်အသွေးနိမ့်ကျနေသလားပါပဲ။ နေမာ၊ မက်ဆီ၊ ဘတ်ပီ၊ မာကွင်ဟို့စ်၊ ဗာရက်တီ၊ ဒွန်နာရမ်မာ၊ ရာမို့စ်တို့လို ကစားသမားတွေရှိတာတောင်မှ မရယူနိုင်တာဖြစ်လို့ တော်တော်လေးတော့ အံ့အားသင့်စရာကောင်းနေခဲ့တာ အမှန်ပါပဲ။

Share

Loading Next Article...
က္က