US Open Cup ဗိုလ်လုပွဲအဖြစ် ဒီနေ့မနက်ပိုင်းမှာ အင်တာမိုင်ယာမီနဲ့ ဟူစတန်ဒိုင်နမိုတို့ ကစားခဲ့ကြပါတယ်။ အင်တာမိုင်ယာမီမှာတော့ သတင်းတွေထွက်ခဲ့သလို မက်ဆီ ပါဝင်လာခဲ့ခြင်းမရှိဘဲ ဒဏ်ရာကြောင့် အနားယူခဲ့ရကာ အခြားသောာ ကစားသမားဖြစ်တဲ့ ယော်ဒီအယ်လ်ဘာလည်း လွဲချော်ခဲ့ပြီး ဘက်ကွက်စ်တော့ ပါဝင်ကစားပေးခဲ့ပါတယ်။
မက်ဆီမပါဝင်တဲ့ အင်တာမိုင်ယာမီတို့ ဟူစတန်ကို လုံး၀မယှဉ်နိုင်ခဲ့ပါဘူး။ ပွဲစကတည်းက ဟူစတန်က တောက်လျှောက်ဖိအားပေးကစားခဲ့ပြီး တဒိုင်းဒိုင်းကန်သွင်းနေခဲ့တာပါ။ အင်တာမိုင်ယာမီက အဖက်ဖက်က အားနည်းခဲ့ပြီး ပြိုင်ဘက်ရဲ့ နေရာစုံက ထိုးဖောက်မှုတွေကို ခံခဲ့ရပြီးနောက် ဘယ်လိုမှတောင့်မခံနိုင်ဘဲ ဂိုးတွေပေးခဲ့ရပါတော့တယ်။
ပွဲကစားချိန် ၂၄ မိနစ်နဲ့ ၃၃ မိနစ်တွေမှာ ဟူစတန်က ဂိုးတွေဆက်တိုက်သွင်းခဲ့တာပါ။ အဲဒီမတိုင်ခင်မှာလည်း အပိုင်ကန်သွင်းခွင့်တွေရခဲ့ပြီး မိုင်ယာမီဂိုးသမားကာကွယ်ပုံကောင်းနေခဲ့လို့သာ ဂိုးမပေးခဲ့ရတာပါ။ ပထမပိုင်းမှာတင်ပဲ အင်တာမိုင်ယာမီတို့ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ဒီအတိုင်းပဲ ဆက်ဖြစ်နေခဲ့ကာ အင်တာမိုင်ယာမီတို့ ပြန်မလာနိုင်ခဲ့ပါဘူး။ မက်ဆီမပါဝင်တဲ့ ဗိုလ်လုပွဲက သူတို့အတွက်တော့ ဆိုးရွားနေခဲ့ပြီး ဒီရာသီအတွက် ဒုတိယမြောက်ဖလားကို ရယူဖို့ မျှော်လင့်ချက်တွေလည်း ကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။
ဒါတောင် ဟူစတန်က မိနစ် ၇၀ ကျော်မှာ နောက်တဂိုးထပ်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့သာ ဂိုးမပေးခဲ့ရတာပါ။ အင်တာမိုင်ယာမီဟာ တပွဲလုံးမှာ ဂိုးပေါက်တည့်မတ်မှုကလည်း အရမ်းနည်းပါးခဲ့ပြီး ကြီးမားတဲ့ခြိမ်းခြောက်မှုတောင် မလုပ်နိုင်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ သူတို့ ညှစ်ကစားခဲ့တဲ့နောက် ချေပဂိုးတဂိုးပြန်ရခဲ့လို့ ၁-၂ နဲ့ အရေးနိမ့်ကာ ဆုဖလားတလုံးလက်လွှတ်လိုက်ရပါတယ်။