စတုဂတ်ခံစစ်မှူးတွေကို ကျော်ဖြတ်နေပုံက လက်ဖျားခါစရာကောင်းအောင်ပါပဲ။

ဘိုင်ယန်မြူးနစ်ရဲ့ လူငယ်ကစားသမား ဂျမယ်လ်မူစီယာလာက​ ညက စတုဂတ်နဲ့ပွဲမှာလည်း ထူးရှယ်ခြေစွမ်းပြသွားပါတယ်။ အသင်းအတွက် သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် စတုဂတ်ခံစစ်ကြောင်းကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်ခဲ့ပြီး ဘိုင်ယန်အနိုင်ရဖို့အတွက် အဓိကျတဲ့နေရာကနေ ကူညီပေးခဲ့သလို သူ့ခြေစွမ်းကလည်း တကယ်ကို အံ့အားသင့်စရာကောင်းလောက်အောင်ကို ရှိနေခဲ့တာပါ။ 

တွစ်တာမှာတော့ မူစီလာယာက စတုဂတ်ဂိုးဧရိယာထဲမှာ အသင်းဖော်အယ်လ်ဖွန်ဆိုဒေးဗီးစ်နဲ့ အပေးအယူလုပ်ပြီး စတုဂတ်နောက်ခံလူ ၃ ဦးကို လှလှပပလိမ်ခေါက်ကျော်ဖြတ်သွားတဲ့ ရုပ်သံဖိုင်က ရေပန်းစားနေပါတယ်။ တကယ်လည်းပဲ သူ လိမ်ခေါက်ကျော်ဖြတ်နေခဲ့ပုံက လီယွန်နယ်မက်ဆီကို မြင်တွေ့နေရတဲ့ အတိုင်းပါပဲ။ ကံဆိုးတာကတော့ သူ လိမ်ခေါက်ပြီး ကန်သွင်းချက်ကို စတုဂတ်နောက်ခံလူက ပိတ်ဆို့သွားနိုင်ခဲ့တာပါ။ 



အသက် ၂၀ အရွယ်ပဲရှိသေးတဲ့ မူစီယာလာက ဒီရာသီမှာဆိုရင် ဘိုင်ယန်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၅ ဂိုးနဲ့ ဖန်တီးမှု ၁၂ ကြိမ်တောင် လုပ်ပေးထားပြီး ၂၇ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ပေးထားတာပါ။ သူ့ခြေစွမ်းဘယ်လောက်ထိတောင်မှ ကောင်းမွန်နေလဲဆိုတာကို ဒီကိန်းဂဏန်းတွေက သက်သေထူနေပြီး ခြေစွမ်းပိုင်းအရလည်း ဘာမှကို အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လွန်းနေပါတယ်။ 

သူ လိမ်ခေါက်ကျော်ဖြတ်မှုမျိုးကို ပီဒရီ၊ ဂါဗီတို့လို ဘာစီလိုနာရဲ့ နာမည်ကျော်ကွင်းလယ်လူတွေတောင် မလုပ်နိုင်ဘူးလို့ ဘိုင်ယန်ပရိသတ်တွေက ဝံ့ကြွားနေပါတယ်။ မူစီယာလာက ဘိုင်ယန်အတွက် ပွဲထွက်ခွင့်ရချိန်ကစပြီး တောက်လျှောက်ခြေစွမ်းပြနေခဲ့တာပါ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဂျာမနီနဲ့အတူ လိုက်ပါခွင့်ရခဲ့သလို အဓိကကစားသမားအဖြစ်နဲ့ ကစားခွင့်ရခဲ့ပါသေးတယ်။ 

ဘိုင်ယန်အတွက်လည်း ရေရှည်အားကိုးရမယ့် ကစားသမားကောင်းတဦးဖြစ်ပြီး မူစီယာလာက အနာဂတ်မှာ ဘောလုံးလောကကို လွှမ်းမိုးမယ့်သူလို့ပါ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။ ဘယ်လင်ဂမ်၊ ဂါဗီ၊ ပီဒရီတို့နဲ့အတူ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူနေရာအတွက် ပြိုင်ဆိုင်ရမယ်လို့ပါ သုံးသပ်နေကြပါတယ်။ 


Share

Loading Next Article...
က္က