မက်ဆီနဲ့ပတ်သက်လို့ ပီဒရီက ပြောကြားလာတာပါ။

ဘာစီလိုနာ လူငယ် ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ပီဒရီက သူတို့အနေနဲ့ မက်ဆီမရှိတော့တာကြောင့် ပေးဆပ်မှု ကြီးမားခဲ့ပေမယ့် လက်ရှိအချိန်မှာ ထိပ်တန်းအသင်းတသင်းကို ပြန်လည် တည်ဆောက်နေတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကို စွန့်ခွာသွားခဲ့ရတာဖြစ်ပါတယ်။



မက်ဆီမရှိတဲ့နောက် ဘာစီလိုနာတို့ ရလဒ်တွေ ဆက်တိုက်ဆိုးရွားခဲ့ပြီး ကိုပါဒယ်ရေး၊ စပိန်စူပါဖလားတို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို လာလီဂါချန်ပီယံဆုကိုလည်း ဆုံးရှုံးဖို့က သေချာသလောက်ရှိသွားခဲ့ပါပြီ။ ဒါ့အပြင် ဘာစီလိုနာတို့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရကာ ယူရိုပါလိဂ်ပလေးအော့ဖ်အဆင့်ကို သွားရောက်ကစားရမှာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာ တည်ငြိမ်တဲ့ပုံမှန်ခြေစွမ်းကို ပြသနိုင်ဖို့ ရုန်းကန်နေရတယ်ဆိုပေမယ့် ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်နိုင်ခဲ့သလို ပြည်တွင်း အမှတ်ပေးဖလားကလည်း သေချာတဲ့ အနေအထားတရပ်လို့ ဆိုနိုင်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ပီဒရီက “မက်ဆီ ကျနော့်ကို ကွင်းထဲမှာရော၊ ပုဂ္ဂိုလ်ရေးအရပါ ကူညီပေးခဲ့တာတွေအတွက် ကျနော် သူ့ကို အမြဲတမ်းကျေးဇူးတင်နေမှာပါ။ သူနဲ့ ကစားရတာက အရမ်းကို လွယ်ကူပါတယ်။ အကြောင်းရင်းကတော့ မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေလို့ပါပဲ”

“လက်တွေ့ကျကျ ပြောရမယ်ဆိုရင် မက်ဆီ ကျနော်တို့ ဘာစီလိုနာမှာ မရှိတော့တာက ပေးဆပ်မှုတွေရှိစေခဲ့ပါတယ်။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ကျနော်တို့လည်း အခု ထိပ်တန်းအသင်း တသင်းကို တည်ဆောင်နေပါပြီ။ လူငယ်ကစားသမား အများအပြားနဲ့ပေါ့”

“ကျနော်တို့အတွက် ရှေ့တက်လှမ်းဖို့ အခွင့်အရေးတွေ ရှိလာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လာမာစီယာအကယ်ဒမီထွက် မက်ဆီဟာ ကစားသမားဘဝတလျှောက်လုံး ဘာစီလိုနာမှာသာ ကစားခဲ့တာဖြစ်ပြီး အသင်းအတွက် စီနီယာပွဲပေါင်း (၇၇၈) ပွဲကစား၊ (၆၇၂) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၃၀၃) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က