သူတို့နှစ်ဦးကြား စကားလုံးတိုက်ပွဲတွေကတော့ ပိုပြင်းထန်လာခဲ့ပါပြီ။

မန်စီးတီးနည်းပြဂွာဒီယိုလာနဲ့ လေလှိုင်းပေါ်ကနေ စကားလုံးတိုက်ပွဲတွေဆင်နွှဲနေတဲ့ ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက နောက်ထပ်တကြိမ်ထိုးနှက်မှုတွေကို ပြောဆိုလိုက်ပြန်ပါပြီ။ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး မန်စီးတီးတို့ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတာဟာ ခေါင်းဆောင်စိတ်ဓာတ်မရှိတာကြောင့်လို့ အီဗရာက ပြောဆိုခဲ့ဖူးပြီး ဂွာဒီယိုလာက ယူနိုက်တက်ကို သူ အနိုင်ယူခဲ့တဲ့ပွဲအကြောင်း ပြန်ပြောကာ တုံ့ပြန်ခဲ့ပါတယ်။ 

အခုအခါမှာ အီဗရာက "ရိုးရိုးသားသားပြောတာ၊ ကျနော်နားမလည်ဘူး၊ မီဒီယာတွေမှာလည်း ဒါကို ကျနော်မတွေ့မိဘူး၊ သူငယ်ချင်းတယောက်က ကျနော့်ကို လာပြောလို့သိတာ၊ အီဗရာက အလုပ်တခုလိုချင်နေလို့ဖြစ်မယ်ဆိုတဲ့အကြောင်းကို သူ လာပြောတယ်၊ ပြီးတော့ ဘာစီလိုနာနဲ့အတူ ကျနော်တို့ကို ဖျက်စီးခဲ့တယ်ဆိုတာကိုရောပေါ့"

"ကျနော်က ဂွာဒီယိုလာလက်အောက်မှာ ကစားရတဲ့ ကစားသမားတွေအကြောင်းကို ပြောခဲ့တာပါ၊ ပင်ကိုယ်မာန၊အတ္တရှိတဲ့အခါ သူ့လက်အောက်မှာ ကစားရတာက ခက်ခဲပါတယ်၊ သူနဲ့အတူကစားဖူးတဲ့ သူတွေနဲ့ ကျနော်စကားပြောဖြစ်တိုင်းမှာ ဂွာဒီယိုလာက အမြဲတမ်းပြသနာဖြစ်နေတယ်လို့ ပြောဖူးကြပါတယ်၊ သူ့ကို သဘောကျတဲ့ မန်စီးတီးကစားသမားဆိုတာလည်း ကျနော်မတွေ့ဖူးဘူး"

"ဂွာဒီယိုလာက ဉာဏ်ကြီးရှင်ပါ၊ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရတော့ သူ့ကို ကျနော်မသိဘူး၊ ကျနော့်ကို သူ ပြန်ပြောဖို့အချိန်ရှိနေတာကိုတောင် ကျနော်အံ့ဩမိတယ်၊ ကျနော်ကအနားယူထားတဲ့သူပါ၊ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပါ၊ စကားမစပ် သူ အောင်ပွဲတွေရခဲ့ပါတယ်၊ ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီတို့ရှိနေတာကိုးဗျ၊ ဒီတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်တာပေါ့၊ ဒါပေမယ့် သူတို့မရှိချိန်ကစပြီး သူ ချန်ပီယံလိဂ်မရတာ တော်တော်လေးကြာနေပြီနော်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ဒီလိုအပြန်အလှန်ပြောဆိုမှုကြောင့် ဂွာဒီယိုလာနဲ့ အီဗရာတို့ကြားက ပွဲကိုလည်း ပရိသတ်တွေ ဆက်လက်မြင်တွေ့ရဖွယ်ရာရှိနေပါတယ်။ ဂွါဒီယိုလာ ဘယ်လိုတုံ့ပြန်ဦးမလဲဆိုတာကိုလည်း စောင့်ကြည့်ရပါဦးမယ်။ 

Share

Loading Next Article...
က္က