အာဂျင်တီးနားအသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးမှာ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ နာကျင်အချိန်ပိုအထိ ၃-၃ နဲ့ ညီမျှနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အာဂျင်တီးနားက အနိုင်ရရှိသွားခဲ့ပါတယ်။


ပထမပိုင်း စစချင်းမှာပဲ မာတီနက်ဇ်ကို ဂရစ်ဇ်မန်းက စတင်ဖိအားပေးခဲ့ပြီး အာဂျင်တီးနားအသင်းကလည်း ဘောလုံးပိုင်ဆိုင်မှု ရယူပြီး တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပွဲကစားချိန် ၁၇ မိနစ်မှာ ဒီမာရီယာရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပြီး ၁၉ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ အလွတ်တည်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို ဂျီရူး ဒိုင်ဗင်ထိုး ခေါင်းတိုက်ခဲ့ပေမယ့်လည်း ဂိုးဘားတန်းပေါ်ကျော်သွားခဲ့တာဖြစ်ပါတယ်။

၂၁ မိနစ်မှာတော့ အယ်လ်ဗာရက်ဇ်ပေးပို့လိုက်တဲ့ ဘောလုံးကို ဒီမာရီယာက ဘောလုံးပေးဖို့ ကြည့်နေချိန်မှာ ဒမ်ဘီလီက နောက်ကနေ ခြေချိတ်ခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက အာဂျင်တီးနားကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် ပင်နယ်တီကို လီယွန်နယ် မက်ဆီက တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းယူသွားခဲ့ပြီး လိုရစ် ဘက်မှားပြီး ဒိုင်ဗင်ပစ်မိခဲ့တာကြောင့် အာဂျင်တီးနားတို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ အာဂျင်တီးနားရဲ့ ဦးဆောင်ဂိုးကို လျင်လျင်မြန်မြန်နဲ့ တုံ့ပြန်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကိုယ့်ကွင်းဘက်ခြမ်းကနေ ထွက်တဲ့အချိန်မှာ ဘောလုံးကို ထိန်းသိမ်းဖို့ ခက်နေခဲ့ပြီး အမ်ဘာပေကိုလည်း မိုလီနာက လှုပ်မရအောင် အသေကပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၃၆ မိနစ်မှာတော့ အူပါမီကာနို ဘောလုံး ဆုံးရှုံးသွားချိန်မှာ အာဂျင်တီးနားက လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး မက်ဆီက မက်အယ်လစ္စတာရဲ့ ပြေးလမ်းကြောင်းထဲကို ထိုးပေးခဲ့ရာမှာ မက်အယ်လစ္စတာက တကိုယ်ကောင်းမဆန်ဘဲ ဒီမာရီယာကို ခင်းပေးခဲ့တဲ့အတွက် လိုရစ်နဲ့ တစ်ဦးချင်းကန်သွင်းပြီး ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။


ပြင်သစ်နည်းပြ ဒက်စ်ချမ့်ဟာ ၄၁ မိနစ်မှာ ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးရအောင် အမှားကျူးလွန်ခဲ့တဲ့ ဒမ်ဘီလီရဲ့နေရာမှာ မူအာနီ၊ အိုလီဗီယေး ဂျီရူးရဲ့နေရာမှာ မားကပ်စ် သူရမ်တို့ကို အပြောင်းအလဲ ပြုလုပ်ကစားစေခဲ့ပြီး မပျော်မရွှင်ဖြစ်နေမှုကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပြင်သစ်အသင်းက ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အာဂျင်တီးနားအသင်းက ပွဲအရှိန်ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၅၈ မိနစ်မှာ အယ်လ်ဗာရက်ဇ် ပင်နယ်တီဧရိယာဘယ်အစွန်ကနေ ထောင့်ကျဉ်းအနေအထား ကန်သွင်းမှုကို လိုရစ်က နေရာယူမှန်မှန်နဲ့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

နောက်ထပ် ၁ မိနစ်အကြာမှာ ဒီမာရီယာ ဘယ်တောင်ပံကနေ တကိုယ်တော် ထိုးဖောက်မှုတွေ ပြုလုပ်ပြီး ပေးပို့လိုက်တဲ့ဘောလုံးကို လီယွန်နယ် မက်ဆီ တစ်ချက်ထိန်းပြီး ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးဘေးကို ဝိုက်ထွက်သွားခဲ့တာကြောင့် အာဂျင်တီးနားတို့ နောက်ထပ်ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ၆၃ မိနစ်မှာ အာဂျင်တီးနား တန်ပြန်တိုက်စစ်ကနေတဆင့် လီယွန်နယ် မက်ဆီ ခင်းပေးလိုက်တဲ့ဘောလုံးကို အယ်လ်ဗာရက်ဇ်က မက်အယ်လစ္စတာရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးခဲ့ပေမယ့်လည်း ပြင်သစ်နောက်ခံလူ အူပါမီကာနိုက ခန္ဓာကိုယ်နဲ့ တွန်းပြီး ကာကွယ်ထားခဲ့တာကြေင့် ကန်ခွင့်မသာခဲ့တာ ဖြစ်ပါတယ်။

မိနစ် ၇၀ မိနစ်မှာ အမ်ဘာပေ ဘယ်တောင်ပံကနေ အလယ်ကို ချိုးဝင်ပြီး ညာခြေနဲ့ အပြင်းကန်သွင်းခဲ့ပေမယ့်လည်း ကန်ချက်က ဂိုးဘားတန်းပေါ် တော်တော်လေး ကျော်သွားခဲ့ပြီး ပြင်သစ်ရဲ့ ရှားရှားပါးပါး ဂိုးပေါက်ခြိမ်းခြောက်မှုက အရာမထင် ဖြစ်ခဲ့ရပါတယ်။ ၇၈ မိနစ်မှာ အာဂျင်တီးနားနောက်ခံလူ အိုတာမန်ဒီက ကိုလို မူအာနီကို ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပြင်သစ်အသင်းကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ရာမှာ အမ်ဘာပေက ဂိုးဘယ်ဖက်အောက်ထောင့်ကို အပြင်းကန်သွင်းခဲ့ပြီး မာတီနက်ဇ် ဒိုင်ဗင်ပစ်တာ မှန်ခဲ့ပေမယ့်လည်း မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁ မိနစ်အကြာမှာ ကင်းစလေ ကိုမန်းက လီယွန်နယ် မက်ဆီဆီကနေ ဘောလုံးကို လုယူနိုင်ခဲ့ပြီးနောက် လျင်လျင်မြန်မြန်နဲ့ လူပေးကစားခဲ့ရာမှာ အမ်ဘာပေက မားကပ်စ် သူရမ်နဲ့ အပေးအယူလုပ်ပြီးနောက် မြေမကျဘော အပြင်းကန်သွင်းယူခဲ့ရာမှာ မာတီနက်ဇ် မကာကွယ်နိုင်ခဲ့ဘဲ ၂ မိနစ်အတွင်း ၂ ဂိုးဆက်တိုက် ချေပဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ နာကျင်အချိန်ပို ၄ မိနစ်မှာ ကင်းစလေ ကိုမန်း ဘယ်တောင်ပံကနေ ပင်နယ်တီဧရိယာထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ရာမှာ အာဂျင်တီးနားနောက်ခံကစားသမား ရှင်းထုတ်ရာကနေ ထွက်လာတဲ့ဘောလုံးကို ကမာဗင်ဂါက မူအာနီဆီ ပေးပို့ခဲ့ရာမှာ မူအာနီရဲ့ ကန်ချက်ကို လိုရစ် ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။


၉၇ မိနစ်မှာ လီယွန်နယ် မက်ဆီ ပင်နယ်တီဧရိယာထိပ်ကနေ ကန်သွင်းနေကျပုံစံအတိုင်း ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူခဲ့တဲ့ဘောလုံးကို လိုရစ် သတိရှိရှိနဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် အာဂျင်တီးနားတို့ ဂိုးမရရှိခဲ့တာဖြစ်ပါတယ်။ ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်မြောက်တဲ့အထိ တစ်ဖက်နဲ့တစ်ဖက် ၂-၂ သရေရလဒ်သာ ထွက်ပေါ်နေတာကြောင့် အာဂျင်တီးနားနဲ့ ပြင်သစ်တို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး နာကျင်အချိန်ပို ပထမပိုင်း ပြီးဆုံးခါနီးမှာ အာဂျင်တီးနားအသင်း ဂိုးသွင်းယူနိုင်ဖို့ ရွှေရောင်အခွင့်အရေး ရရှိခဲ့ပြီး အကူနာရဲ့ ဖြတ်တင်ပေးပို့မှုကို လော်တာရို မာတီနက်ဇ် ဂိုးသမားနဲ့ တစ်ဦးချင်းကန်သွင်းယူမှုက အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ဒုတိယပိုင်း ၁၀၆ မိနစ်မှာ လီယွန်နယ် မက်ဆီ ပင်နယ်တီဧရိယာထိပ်ကနေ ဘောလုံးကို ရင်ဘတ်နဲ့ အသာထိန်းပြီး ဘယ်ခြေနဲ့ ဂိုးညာဘက်အောက်ထောင့်ကို ကန်သွင်းခဲ့ရာမှာ လိုရစ် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့်လည်း နောက်ထပ်တစ်မိနစ်အကြာမှာ တန်ပြန်တိုက်စစ်ကနေတဆင့် လော်တာရို မာတီနက်ဇ် ကန်သွင်းမှုကို လိုရစ် ပုတ်ထုတ်ရာကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို မက်ဆီက ပိတ်သွင်းယူပြီး အာဂျင်တီးနားတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။ အချိန်ပိုဒုတိယပိုင်း ပွဲကစားချိန်ပြည့်ဖို့ ၄ မိနစ်အလိုမှာ အမ်ဘာပေက ပင်နယ်တီဧရိယာထိပ်ကနေ ဂိုးကန်သွင်းခဲ့ရာမှာ မွန်တီရယ်ရဲ့ တံတောင်နဲ့ထိသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပြင်သစ်အသင်းကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။

ပင်နယ်တီကို အမ်ဘာပေကပဲ အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာကြောင့် ပြင်သစ်အသင်းက ချေပဂိုး ပြန်လည်ရရှိသွားခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ မာတီနက်ဇ် ဘက်မှားပြီး ဒိုင်ဗင်ပစ်မိခဲ့တာဖြစ်ပါတယ်။ အချိန်ပိုဒုတိယပိုင်း ပွဲကစားချိန်ပြည့်မြောက်ဖို့ စက္ကန့်ပိုင်းအလိုမှာ အမ်ဘာပေ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို မူအာနီ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူခွင့် ရရှိခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ထိချက်မမှန်ဘဲ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ၁၂၂ မိနစ်မှာ မူအာနီ အီမီလီယာနို မာတီနက်ဇ်နဲ့ တစ်ဦးချင်း ကန်သွင်းခွင့် ရရှိခဲ့ပေမယ့်လည်း အာဂျင်တီးနားဂိုးသမားက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။


အာဂျင်တီးနားအသင်းက တန်ပြန်တိုက်စစ်ကနေတဆင့် လီယွန်နယ် မက်ဆီ ခင်းပေးတဲ့ဘောလုံးကို ဒီဘာလာ ဆွဲပြေးပြီး ညာတောင်ပံကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးပို့ခဲ့ရာမှာ လော်တာရို မာတီနက်ဇ်ရဲ့ ခေါင်းတိုက်ချက်က တော်တော်လေး ညံ့ဖျင်းခဲ့တာကြောင့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့တာဖြစ်ပြီး အချိန်ပို ဒုတိယပိုင်းပြီးဆုံးချိန်မှာ ၃-၃ ညီမျှနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူခဲ့ရပါတယ်။ ပင်နယ်တီကို ပြင်သစ်အသင်းက စတင်ကန်သွင်းခွင့် ရရှိခဲ့ပြီး အမ်ဘာပေရဲ့ ကန်ချက်ကို မာတီနက်ဇ် ပုတ်ထုတ်ခဲ့ပေမယ့်လည်း ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။


အာဂျင်တီးနားရဲ့ ပထမဆုံးပင်နယ်တီကို လီယွန်နယ် မက်ဆီက ကန်သွင်းခဲ့ရာမှာ သက်တောင့်သက်သာနဲ့ပဲ ဂိုးဘယ်ဖက်အောက်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းရဲ့ ဒုတိယမြောက် ပင်နယ်တီကို ကင်းစလေ ကိုမန်း ကန်သွင်းခဲ့ရာမှာ အီမီလီယာနို မာတီနက်ဇ်က နေရာယူမှန်မှန်နဲ့ ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအတွက် ဒုတိယမြောက် ပင်နယ်တီကို ဒီဘားလားက ဂိုးအလယ်တည့်တည့်ကို ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းရဲ့ တတိယမြောက် ပင်နယ်တီကို ချူအာမေနီ ကန်သွင်းခဲ့ရာမှာ ဘယ်ဖက်ဂိုးတိုင်ဘေးကို ထွက်သွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားအတွက် တတိယမြောက် ပင်နယ်တီကို ပါရေးဒက်စ်က အမှားအယွင်းမရှိ ကန်သွင်းယူသွားနိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့ စတုတ္ထမြောက်ပင်နယ်တီကို မူအာနီက ဂိုးအလယ်တည့်တည့်ကို အပြင်းကန်သွင်းယူ အဆုံးသတ်နိုင်ခဲ့ပြီး အာဂျင်တီးနားအတွက် အဆုံးအဖြတ်ပင်နယ်တီကို ဂွန်ဇာလို မွန်တီရယ်က အမှားအယွင်း အဆုံးသတ်ပေးနိုင်ခဲ့တဲ့အတွက် အာဂျင်တီးနားအသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က