တော်တော်လေးပွဲဆူလာဦးမယ့်ဖြစ်ရပ်တခုပါ။

(၂၀၂၁) ဘလွန်းဒီအော်ဆုပေးပွဲမှာ မက်ဆီက သူ့အတွက် (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ရရှိခဲ့တဲ့နောက် ဝေဖန်သံတွေ ဆူဆူညံညံ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဆုပေးပွဲကိုတော့ ရော်နယ်ဒိုက တက်ရောက်ခဲ့ခြင်းတောင်မရှိဘဲ ရေပန်းစားနေတဲ့ လီဝန်ဒေါစကီးလည်း ဒီဆုနဲ့ လွဲချော်ခဲ့ရတာပါ။



မက်ဆီနဲ့ရော်နယ်ဒိုတို့က ဒီဘလွန်းဒီအော်ဆုအတွက် ဆယ်စုနှစ်တခုကျော်ကြာမြင့်အောင် အပြိုင်အဆိုင်ဖြစ်ခဲ့ကြပြီး လက်ရှိအနေအထားအရတော့ ရော်နယ်ဒိုအနေနဲ့ မက်ဆီကို ကျော်တက်နိုင်ဖို့ဆိုတာ အခွင့်အရေးမရှိသလောက်ဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့်လည်း ဒီနှစ်အတွက် ရော်နယ်ဒိုမရသည့်တိုင် လီဝန်ဒေါစကီးက မက်ဆီထက် အခွင့်အရေးပိုရှိတယ်လို့ ပရိသတ်အများစုက ယူဆထားပါတယ်။

ပရိသတ်တယောက်က သူ့ရဲ့အင်စတာဂရမ်မှာ မက်ဆီဟာ ရော်နယ်ဒိုနဲ့လီဝန်ဒေါစကီးတို့ဆီကနေ ဘလွန်းဒီအော်ဆုကို ခိုးယူခဲ့တယ်ဆိုတဲ့အကြောင်း ချက်ကျလက်ကျ ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါပရိသတ်က “သူခိုး၊ ရှက်စရာ၊ ညစ်ပတ်တဲ့လုပ်ရပ်တခုပါ။ ဘယ်သူက ဒီဆုနဲ့ တကယ် ထိုက်တန်လဲဆိုတာကို လူတိုင်းသိပါတယ်”

“အတုအယောင် ပျော်ရွှင်မှုတွေ၊ ဂုဏ်သိက္ခာမရှိတဲ့အရာတွေပါ။ ဒီဆုနဲ့ပတ်သက်လို့ စိတ်ပျက်စရာပါပဲ။ ရော်နယ်ဒိုကတော့ သမိုင်းတလျှောက် အကောင်းဆုံးဖြစ်နေပါလိမ့်မယ်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပို့စ်အောက်မှာပဲ ရော်နယ်ဒိုက “အချက်အလက်တွေပဲ” လို့ မှတ်ချက်ပြုရေးသားခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ဒီလုပ်ရပ်အပေါ်မှာ အားကစားသမား မပီသတဲ့ လုပ်ရပ်အဖြစ် ဝေဖန်နေကြပါတယ်။ ဘလွန်းဒီအော်ဆုပေးပွဲ ကျင်းပပြီးတဲ့ မနက်မှာတင် ရော်နယ်ဒိုက သူ့အနေနဲ့ ဆုရသွားတဲ့ ဘယ်သူ့ကိုမဆို ဂုဏ်ပြုတဲ့အကြောင်းကို ပြောကြားခဲ့ဖူးတာပါ။

ရော်နယ်ဒိုအနေနဲ့ ဘလွန်းဒီအော်နဲ့ ပတ်သက်လို့ အခြားသောအကြောင်းအရာတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမယ့် ကာဆီးလက်စ်၊ တိုနီကရူးစ်၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်နဲ့ ကလော့ပ်တို့အပါအဝင် တော်တော်များများကတော့ မက်ဆီ ဘလွန်းဒီအော်ရတဲ့အပေါ် ဘဝင်မကျဖြစ်နေကြပါတယ်။ 

Share

က္က