အပိုင်း- ၁ မှာတော့ ဘာစီလိုနာကထွက်ခွာဖြစ်ခဲ့ပုံ၊ PSG နဲ့အပြောင်းအရွှေ့မြန်မြန်ဆန်ဆန်ဖြစ်ခဲ့ပုံတို့ကို ပြောကြားခဲ့တာပါ။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမဆုံးသီးသန့်အင်တာဗျူးကို France Football နဲ့ ပြုလုပ်ခဲ့ပါတယ်။



ဘာစီလိုနာကို စွန့်ခွာခဲ့ရပုံနဲ့ပတ်သက်လို့ မက်ဆီက France Football ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

မက်ဆီက “ကျွန်တော်ကိုယ်တိုင် မမျှော်လင့်ထားခဲ့တဲ့ အပြောင်းအရွှေ့ပါ။ ကျွန်တော့်ခေါင်းထဲမှာ ဘာစီလိုနာကို ပြန်သွားပြီး စာချုပ်သစ်ချုပ်မယ်၊ လေ့ကျင့်ခန်းပြန်ဆင်းမယ်ပဲ တွေးခဲ့တာပေါ့။ အရာအားလုံး ပြင်ဆင်ထားပြီး ကျွန်တော် လက်မှတ်ထိုးဖို့ပဲ ကျန်တယ် ထင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ရောက်သွားချိန်မှာ စာချုပ်သစ်အတွက် မဖြစ်နိုင်တော့ဘူးလို့ ပြောသံကြားရပါတယ်”

“ကျွန်တော့်ကိုအသင်းသစ်ရှာခိုင်းပါတယ်။ ဘာလို့လဲဆိုတော့ ဘာစီလိုနာက ကျွန်တော့်ကို စာချုပ်သစ် မချုပ်နိုင်တော့လို့ပါ။ ဒါက ကျွန်တော့်ရဲ့ အစီအစဥ်တွေကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ တော်တော်လေး လက်ခံဖို့ ခက်ခဲတဲ့ ကိစ္စပါ။ ကိုယ့်အိမ်ကနေ ထွက်ခွာလာသလို ခံစားရပြီး တစ်မိသားစုလုံးရဲ့ အစီအစဥ်တွေ အကုန်လုံးလည်း ပြောင်းပြန်တွေဖြစ်ကုန်ပါတယ်”

“ကျွန်တော့်ကလေးတွေလည်း ကျောင်းပြောင်းခဲ့ရပြီး ကျွန်တော်တို့နဲ့ နေရာသစ်ကို လိုက်နေရပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက် ဒီလိုဖြစ်တာ ပထမဆုံးပါပဲ။ ဘာစီလိုနာမှာပဲ ကျွန်တော့် ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးသားပါ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်ခဲ့ရပါတယ်။ ကျွန်တော့်စိတ်ထဲ အများကြီးရှိခဲ့ပေမယ့် ကျွန်တော့်အတွက် ထွက်သွားရုံကလွဲလို့ ရွေးချယ်စရာမရှိခဲ့ပါဘူး” လို့ဆိုပါတယ်။

အဲ့ဒီနောက် မက်ဆီကို PSG က ချက်ချင်းကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး PSG ပရိသတ်တွေကလည်း မက်ဆီကို လေဆိပ်နဲ့ အိမ်ကွင်းရှေ့တွေမှာ သွားရောက် စောင့်ဆိုင်းခဲ့ကြတာပါ။

PSG ကို ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်လို့လည်း မက်ဆီက “PSG က ကျွန်တော့်ကို သူတို့ဆီလာဖို့ ကမ်းလှမ်းပါတယ်။ အခြား ကမ်းလှမ်းမှုတွေလည်း ရခဲ့ပေမယ့် PSG နဲ့ပဲ ခပ်မြန်မြန် သဘောတူညီမှုရလိုက်ပါတယ်။ ဒါက မလွယ်ကူပေမယ့် တစ်ညအတွင်း အရာအားလုံးက လျင်လျင်မြန်မြန်နဲ့ ဖြစ်ပျက်သွားခဲ့တာပါ”

“အသင်းရဲ့စီမံကိန်း၊ ရည်မှန်းချက်တွေ၊ သူတို့မှာရှိတဲ့ ကစားသမားအင်အားတွေက ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ဒါတွေကြောင့်လည်း လျင်လျင်မြန်မြန်နဲ့ သဘောတူညီမှုရရှိခဲ့တာပါ။ ဒီမာရီယာ၊ နေမာတို့လို သူငယ်ချင်းတွေ အသင်းမှာရှိနေတာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က နိုင်ငံအသစ်ကိုသွားပြီး အရာအားလုံးကို အစကနေ ပြန်စရတာမို့လို့ပါ”

“အဝတ်လဲခန်းထဲမှာ သူငယ်ချင်းတွေရှိနေတာက ကျွန်တော့်ကို လျင်လျင်မြန်မြန်နဲ့ အထိုင်ကျစေခဲ့ပါတယ်။ ကိုပါအမေရိကပြိုင်ပွဲတည်းက သူတို့ ကျွန်တော့်ကို PSG လာမလား မေးနေကြတာပါ။ ဒါပေမယ့် ဟာသအနေနဲ့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ဘာစီလိုနာမှာပဲ ကစားသမားဘဝ ကုန်ဆုံးချင်တာကို သူတို့သိထားတယ်လေ။ ဒီတော့ ကျွန်တော် PSG ကိုရောက်လာချိန်မှာ သူတို့ တော်တော်လေး အံ့အားသင့်သွားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က