အပိုင်း- ၂ မှာတော့ မက်ဆီက သူနဲ့ PSG တို့ရဲ့ ချန်ပီယံမျှော်လင့်ချက်၊ သူ့အတွက် Ballon d’Or မျှော်လင့်ချက်တွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

မက်ဆီဟာ (၂၀၁၅) မှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း နောက်ထပ် ချန်ပီယံလိဂ်ဖလားတစ်လုံး ထပ်မံဆွတ်ခူးဖို့ ဆန္ဒရှိနေပါသေးတယ်။ ဒီအပေါ်မှာလည်း မက်ဆီက “ဒါက ပဲရစ်မြို့မှာရှိတဲ့ လူတိုင်းရဲ့ အိပ်မက်ပါ။ အသင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်တည်းက ချန်ပီယံလိဂ်မျှော်လင့်ချက်အတွက် ကြိုးစားခဲ့ပြီး တဖြည်းဖြည်းနီးစပ်လာပါပြီ”



“ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရကြည့်ရင်လည်း အတူတူပါပဲ။ ကျွန်တော် ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ် ဆွတ်ခူးချင်ပါတယ်။ ဘာစီလိုနာမှာ ပြောခဲ့သလိုပဲပေါ့။ ချန်ပီယံလိဂ်ပြိုင်ပွဲက ကြီးကျယ်ခမ်းနားပြီး အောင်မြင်မှုရဖို့ ခက်ခဲတဲ့ပြိုင်ပွဲပါ။ ဒါပေမယ့် PSG ရဲ့ လက်ရှိလူအင်အားနဲ့ကဖြစ်နိုင်ပါတယ်”

“PSG တို့ အဓိကအာရုံစိုက်နေတဲ့အရာကလည်း ချန်ပီယံလိဂ်ပါပဲ။ ဒါပေမယ့် ချဲလ်ဆီး၊ မန်ချက်စတာမြို့ခံနှစ်သင်း၊ ရီးရဲယ်မက်ဒရစ်၊ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်တို့လို ကစားရခက်တဲ့ ထိပ်တန်းအသင်းတွေလည်းရှိနေပါသေးတယ်။ ကျွန်တော်တို့ အသင်းမှာ တစ်ဦးတစ်ယောက်ချင်း ထူးချွန်တဲ့ ကစားသမားတွေရှိပါတယ်”

“ဒါပေမယ့် တစ်ယောက်အကြောင်းတစ်ယောက်သိပြီး အသင်းလိုက်အနေအထားကို တည်ဆောက်ရဦးမှာပါ။ အရေးကြီးတဲ့ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့အတွက်ဆိုရင် အသင်းလိုက် ကစားပုံကောင်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အခြားအသင်းတွေထက် နောက်တစ်လှမ်းနောက်ကျနေတယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ဘက်တွေက စုစည်းမှုရှိတဲ့နေရာမှာ ကျွန်တော်တို့ထက် အတွေ့အကြုံပိုများနေလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ (၂၀၂၁) အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးဖို့ ရေပန်းစားနေပြီး ဒီအပေါ်မှာလည်း မက်ဆီက “ကျွန်တော်က ရေပန်းအစားဆုံးလို့တော့ မထင်ပါဘူး။ ရလဒ်မထွက်ခင် ဒီလိုပြောရတာကို ကျွန်တော် ဘယ်တော့မှမကြိုက်ပါဘူး။ တခြားတစ်ယောက်ရလည်း ကောင်းတာပဲလေ။ ကစားသမားတစ်ယောက်တည်းက ဒီလိုမျိုး (၆) ကြိမ်ရခဲ့တာကတော့ အံ့အားသင့်စရာကောင်းနေပြီးသားပါ”

“(၇) ကြိမ်မြောက်ဆိုရင်တော့ အရမ်းကို အံ့အားသင့်စရာကောင်းနေပါပြီ။ ပြီးခဲ့တဲ့နွေရာသီမှာ ကျွန်တော်က ကိုပါအမေရိကဖလားကိုရခဲ့ပြီး ဒါက ကျွန်တော့်အတွက် အမြင့်ဆုံးအထိရောက်စေတဲ့ ကာလပါပဲ။ ဒီတော့ နောက်ထပ် Ballon d’Or ဆုကို ထပ်ရဦးမယ်ဆိုရင် အရမ်းပျော်ပြီး ဂုဏ်ယူရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ဒီအကြောင်းကို မတွေးထားပါဘူး”

“ကျွန်တော့်အသင်းမှာ ကျွန်တော် မဲပေးဖို့ နေမာနဲ့ အမ်ဘာပေတို့နှစ်ယောက်ရှိပါတယ်။ ပြီးရင် လီဝန်ဒေါစကီးကလည်း ထိပ်တန်းရာသီတစ်ခုကို ဖြတ်သန်းခဲ့တာပါ။ ဘန်ဇီမာလည်းရှိပါသေးတယ်။ ဆုဖလားတွေက အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကိုပါအမေရိကတို့က ဒီမဲစာရင်းမှာ သေချာပေါက် ထည့်သွင်းစဥ်းစားရမယ့်အချက်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က