ဆာဂျီယို အဂူရိုက လီယွန်နယ် မက်ဆီဟာ လိဂ်ဖလားကို ကိုယ့်ဘာသာ ရယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တယ်လို့ ယုံကြည်နေပေမယ့်လည်း ဟာလန်းက စံချိန်အများအပြားကို ရိုက်ချိုးနိုင်မယ့်သူလို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံတွေဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီ အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာကနေ ရပ်တည်နေတာဖြစ်ပြီး အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်အသင်းနဲ့ ၅ မှတ်ကွာဟနေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးရဲ့ ဆုဖလားစိန်ခေါ်မှုကို ယခုရာသီ ၂၇ ပွဲမှာ သွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူထားတဲ့ အာလင်း ဟာလန်းက ဦးဆောင်နေတာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်္ဂလန်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ဟက်ထရစ် ၄ ကြိမ်အထိ ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးရဲ့ ဂန်းနားတွေနဲ့ ဆုဖလားတိုက်ပွဲနဲ့ပတ်သက်ပြီး ပြောကြားခဲ့ရာမှာ အဂူရိုက မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့အတွက် အများကြီး ဖြစ်နိုင်သေးတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်ပါ။ စီးတီးက နောက်ဆုံး ပရီးမီးယားလိဂ်ဖလား ၅ လုံးမှာ ၄ လုံးအထိ အနိုင်ရရှိခဲ့ပါတယ်။ သူတို့တွေက ဆုဖလားတိုက်ပွဲထဲမှာ ရှိနေဆဲဖြစ်ပြီး အဲဒါကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဒုတိယနေရာကနေ မလျှော့သော ဇွဲလုံ့လနဲ့ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတယ်။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်"
ဟာလန်းဟာ တိုက်စစ်မှာ စိတ်လှုပ်ရှားဖွယ် ပုံစံကောင်း ရရှိနေပေမယ့်လည်း ဆာဂျီယို အဂူရိုက နော်ဝေတိုက်စစ်မှူးရဲ့ သွင်းဂိုးတွေက လိဂ်ဖလား ရရှိဖို့အတွက် အာမခံချက်ပေးနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ "ကျွန်တော်တို့ အဲဒါကို ကြည့်ရဦးမှာပါ။ ရာသီကလည်း ဆက်သွားရဖို့ အများကြီး ကျန်နေသေးတယ်။ သမိုင်းဝင်စံချိန်တွေကို ချိုးဖျက်မယ့် ဟာလန်းက မန်စီးတီးရဲ့ ဆုဖလားစိန်ခေါ်မှုမှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လီယိုကလွဲရင် လိဂ်ဖလားကို တစ်ယောက်တည်းအစွမ်းနဲ့ အနိုင်ရရှိနိုင်တဲ့ ကစားသမားတစ်ယောက်မှ မရှိပါဘူး"
"ဆုဖလားရရှိဖို့က အသင်းအဖွဲ့နဲ့ သက်ဆိုင်ပြီး အရမ်းကို အရည်အချင်းရှိတဲ့ လူစာရင်းနဲ့ ထူးခြားတဲ့ နည်းပြအဖွဲ့ဝင်တွေရှိပါတယ်။ သူတို့တွေရဲ့ ကြီးမားတဲ့ အရွယ်အစားကို သက်သေအများကြီး ပြသခဲ့ပြီး သူတို့တွေ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ်ဆိုတာကို ခင်ဗျား သိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။