ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူဒီလစ်က ဒီနေ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်မှာ မက်ဆီနဲ့ နေမာကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကို ဖွင့်ဟလိုက်ပါတယ်။ ဒီလစ်ဟာ တောင်အမေရိကရဲ့ အကောင်းဆုံးကစားသမားနှစ်ဦးကို ထိန်းချုပ်ဟန့်တားရတော့မှာဖြစ်ပြီး သူ့အတွက်တော့ ကြီးမားတဲ့ စမ်းသပ်ချက်တခုကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။
ဘတ်ပီကတော့ ဒဏ်ရာအခြေအနေကြောင့် ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေပြီး ဘတ်ပီသာ ပါဝင်လာခဲ့မယ်ဆိုရင် အဆိုပါကစားသမား ၃ ဦးကို ဒီလစ်က ခံစစ်အသင်းဖော်တွေနဲ့အတူ ဟန့်တားရမှာပါ။ ဂျူဗင်တပ်စ်နောက်ခံလူဟောင်းကတော့ သူ မက်ဆီနဲ့ နေမာတို့ ကစားတဲ့ပွဲတွေကို သိပ်မကြည့်ဖြစ်ဘူးလို့ ပြောဆိုခဲ့ပြီး သူ လုပ်ရမယ့်အရာတွေက ဘာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
"နေမာ၊ မက်ဆီနဲ့ သူ့တို့ရဲ့ အသင်းဖော်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေလား၊ ဒီကစားသမားတွေ ဘာလုပ်နိုင်တယ်၊ သူတို့မှာ ဘယ်လောက်ထိ အရည်အသွေးရှိလဲဆိုတာကို လူတိုင်းသိပါတယ်၊ ဒါကြောင့် ကျနော် ဗီဒီယိုတွေ အများကြီးကြည့်နေစရာတော့ မလိုအပ်တော့ပါဘူး၊ ကျနော်ြဖစ်နိုင်တဲ့အရာတွေကိုပဲ အာရုံစိုက်သွားမှာပါ၊ သူတို့ကို ရပ်တန့်နိုင်ဖို့ ကိုယ့်ကိုကိုယ်အကောင်းဆုံးပုံစံရအောင် လုပ်နိုင်ဖို့ပဲ လိုပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
မက်ဆီနဲ့ ဘတ်ပီတို့ဟာ ဒီပွဲမတိုင်ခင်မှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး မနေ့ကမှ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့တာပါ။ နေမာကလည်း အသင်းတွင်းမှာ ပြသနာအနည်းငယ်တက်ခဲ့ပြီး ဘိုင်ယန်နဲ့မတွေ့ခင် ပီအက်စ်ဂျီအသင်းတွင်းမှာ အနည်းငယ်တော့ စိတ်ပျက်စရာအခြေအနေတွေရှိနေခဲ့ကာ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာလည်း အရေးနိမ့်ထားခဲ့ပါတယ်။