PSG ပိုင်ရှင်နဲ့ရင်းနှီးတဲ့သတင်းစာက မက်ဆီကို အမြဲလိုလို ဝေဖန်နေခဲ့တာပါ။

မက်ဆီဟာ ပြင်သစ်လီဂူးပွဲစဥ်တွေပြီးတိုင်း သူ့ကို အကြီးအကျယ်ဝေဖန်နေတဲ့ ပြင်သစ် သတင်းစာ Le Parisien နဲ့ ပတ်သက်လို့ မပျော်မရွှင်ဖြစ်နေပါတယ်။



ဒီသတင်းစာရဲ့ ထိပ်သီးပိုင်းတာဝန်ရှိသူတွေက PSG အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့အပေါ်မှာလည်း မက်ဆီက မကြည်မလင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Le Parisien သတင်းစာဟာ မက်ဆီ PSG ကို ရောက်ပြီလို့ ပထမဆုံးဖော််ပြနိုင်ခဲ့တဲ့ သတင်းဌာနတခုဖြစ်ပြီး အခုချိန်မှာတော့ မက်ဆီကို မကြာခဏဆိုသလို ဝေဖန်နေခဲ့တာပါ။ ဒီအကြောင်းကိုတော့ El Nacional က ဖော်ပြခဲ့ပြီး ဒီသတင်းစာက ဖော်ပြနေတဲ့အကြောင်းအရာတွေဟာ လက်တွေ့မကျဘူးလို့ မက်ဆီက ယူဆနေပါတယ်။

ပွဲအပြီး အဆင့်သတ်မှတ်ချက်တွေမှာ Le Parisien က မက်ဆီကို ကောင်းကောင်းမွန်မွန်ပေးလေ့မရှိတာကြောင့် သူ့ရဲ့ကျော်ကြားမှုကို ထိခိုက်စေပြီး မက်ဆီတယောက် မပျော်မရွှင်ဖြစ်နေတာပါ။ မိုနာကို,ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း မက်ဆီက အသင်းအတွက် တဂိုးဖန်တီးပေးခဲ့ပေမယ့် ဒီသတင်းဌာနက သတ်မှတ်တဲ့ ပွဲရဲ့ အဆင့်သတ်မှတ်ချက်မှာတော့ မက်ဆီက (၁၀) မှာ (၄.၅) သာရရှိခဲ့တဲ့အထိ အခြေအနေဆိုးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “ရွှေဘောလုံးဆုကို (၇) ကြိမ်အထိ ရရှိထားတဲ့ ကစားသမားတယောက်ဆီက ဒီထက်ပိုတဲ့ တိကျမှုတွေကို ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မက်ဆီက လွယ်ကူတဲ့ ပေးပို့မှုတွေကိုတောင် အလွဲလွဲအချော်ချော်ဖြစ်နေလို့ပါ” လို့လည်း ရေးသားခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာမှာရှိခဲ့တုန်းက မီဒီယာတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ခဲ့တာကြောင့် အခုချိန်မှာ သူ့အသင်းပိုင်ရှင်နဲ့ ရင်းနှီးတဲ့ သတင်းစာကပါ သူ့ကို အပြင်းအထန်ဝေဖန်နေတဲ့အပေါ် စိတ်အလိုမကျဖြစ်နေတယ်လို့ သိရှိရပါတယ်။ 

Share

က္က