ပြင်သစ်လက်ရွေးစင် ဂန္တဝင်ကြီး ဇီဒန်းဟာ သူ့ရဲ့ ကစားသမားဘဝမှာ မက်ဆီနဲ့ တွဲကစားခွင့်မရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားလာပါတယ်။ သူတို့နှစ်ယောက်ဟာ အယ်လ်ကလက်စီကိုမှာတော့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ဖူးပါတယ်။
အခု Adidas က ဦးစီးပြုလုပ်တဲ့ တွေ့ဆုံခန်းမှာ ဇီဒန်းနဲ့မက်ဆီတို့ သီးသန့် စကားပြောဆိုမှုတွေရှိခဲ့ပြီး အဆိုပါ ဆွေးနွေးခန်းမှာ နှစ်ယောက်က ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ကြတာပါ။ ဇီဒန်းက “ငါတို့ အတူတူတွဲကစားခွင့်မရတာက တကယ်ကို စိတ်မကောင်းစရာပါပဲ”
“အဲ့ဒီအခိုက်အတန့်က ငါမင်းကို ဘောလုံးပေးပို့ခွင့်ရမယ့် အချိန်ပဲပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံခန်းမှာ ဇီဒန်းနဲ့မက်ဆီတို့ဟာ ကွင်းပြင်ပဖြစ်ရပ်တွေ၊ ကွင်းတွင်း အတွေ့အကြုံတွေအကြောင်းကို အပြန်အလှန် မျှဝေခဲ့ကြပါတယ်။
ဒါ့အပြင် လက်ရှိဘောလုံးလောကမှာ နံပါတ် (၁၀) ကစားသမားတွေရဲ့ အခန်းကဏ္ဍတွေအကြောင်းကိုလည်း ဇီဒန်းနဲ့မက်ဆီတို့က ဆွေးနွေးခဲ့ကြသေးပါတယ်။ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ နံပါတ် (၁၀) ကစားသမားတွေရဲ့ ကွင်းတွင်းအရေးပါမှုတွေက သိသိသာသာ ပျောက်ကွယ်လာခဲ့ပါတယ်။
ဇီဒန်းက “ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ပဲ မင်းက ဆက်ကစားနေဆဲဖြစ်ပြီး နံပါတ် (၁၀) ရဲ့ အခန်းကဏ္ဍကလည်း ကျန်ရှိနေပါသေးတယ်” လို့ မက်ဆီကို ပြောကြားသွားခဲ့ပါတယ်။ မက်ဆီကလည်း ဇီဒန်းကို “ကျွန်တော် ခင်ဗျားကို အရမ်းလေးစားပါတယ်။ အတူတွဲကစားခွင့်မရခဲ့ပေမယ့် ပြိုင်ဘက်အဖြစ် နည်းနည်းရင်ဆိုင်ခဲ့ဖူးပါတယ်။ ကျွန်တော်က ခင်ဗျားရဲ့ ကစားသမားဘဝကိုရော၊ နည်းပြဘဝကိုပါ လေးစားတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။