အင်တာမိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက အင်တာမိုင်ယာမီအိမ်ကွင်းမှာ သူ့ရဲ့ ခြေစွမ်းခြေစတွေကို ထုတ်ဖော်ပြသခဲ့ပြီး လက်ရှိ အင်တာမိုင်ယာမီ ကစားသမား မက်ဆီနဲ့ တွဲဖက်ကစားနိုင်သေးကြောင်း သက်သေပြသွားခဲ့ပါတယ်။ ဘက်ခမ်းဟာ အသက် (၄၈) နှစ်ပြည့်မြောက်တော့မှာဖြစ်ပြီး လက်ရှိအချိန်အထိ သူ့ရဲ့ ခြေစွမ်းခြေစက ကောင်းမွန်နေဆဲပါ။
လက်ရှိထွက်ပေါ်လာတဲ့ ဗီဒီယိုအရ ဘက်ခမ်းဟာ အင်တာမိုင်ယာမီအိမ်ကွင်းမှာ ဖရီးကစ်ကန်ပြခဲ့တာဖြစ်ပြီး သူ့ရဲ့ ကန်ချက်တွေကလည်း ကစားသမားဘဝကအတိုင်း တိကျသေချာနေဆဲဖြစ်ပါတယ်။ ဧရိယာထိပ်က ဘောလုံးကို သူ့ရဲ့ ညာခြေနဲ့ပဲ ဘက်ခမ်းက ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲ အတိအကျ ဝင်အောင် ကန်သွင်းနိုင်ခဲ့တာကို ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။
ဒီဗီဒီယိုကိုလည်း သူ့ရဲ့ တစ်တော့ခ်ပေ့ချ်မှာ ဘက်ခမ်းက တင်ထားခဲ့ပြီး “ခန့်မှန်းထားသလိုပဲ ငါပြန်လာပြီ” လို့ ဆိုကာ ရေးသားခဲ့ပါတယ်။ ပရိသတ်တွေကတော့ “နောက်ထပ်တစ်ရာသီလောက် ထပ်ကစာပါဦး” “ဘက်ခမ်းက အင်တာမိုင်ယာမီအတွက် ကစားနိုင်စွမ်း ရှိတုန်းပဲ” “မက်ဆီရဲ့ ပွဲဦးထွက် ဖရီးကစ်ကို ကြည့်ပြီး ဘက်ခမ်းက အတုယူခဲ့တာပဲ”
“ခင်ဗျားအနေနဲ့ အနားမယူသင့်သေးဘူး။ တစ်ပွဲလောက်ပဲဖြစ်ဖြစ် ပွဲကစားချိန်နှောင်းပိုင်းမှ လူစားဝင်ပြီး မက်ဆီနဲ့ တွဲကစားပါဦး” လို့ အသီးသီးမှတ်ချက်ပြု ချီးကျူးခဲ့ပါတယ်။ ဘက်ခမ်းရဲ့ ကစားသမားဘဝမှာတုန်းက အခုလိုမျိုး ညာခြေနဲ့ ကန်တင်ပေးပို့မှုတွေ၊ ဖရီးကစ်ကန်ချက်တွေနဲ့ နာမည်ကြီးခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေသာမက တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အသည်းစွဲပရိသတ်ဖြစ်ခဲ့ပါတယ်။
ဘက်ခမ်းဟာ လက်ရှိအချိန်မှာလည်း မက်ဆီ ကစားတဲ့ပွဲတွေကို တောက်လျှောက် ကြည့်ရှုအားပေးနေပြီး မနေ့က အတ္တလန်တာယူနိုက်တက်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ကွင်းအတွင်း ကြည့်ရှုအားပေးခဲ့ပါတယ်။ ဘက်ခမ်းဟာ မက်ဆီကို အင်တာမိုင်ယာမီထံ ခေါ်ဆောင်လာခဲ့တဲ့ အဓိကပုဂ္ဂိုလ်ဖြစ်ပြီး ကွင်းပြင်မှာ မက်ဆီနဲ့ တွဲဖက်ညီနေတဲ့ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။