အသက် ၂၃ နှစ်အရွယ်သာ ရှိသေးချိန်မှာ နိုင်ငံနဲ့ ကလပ်အတွက် သွင်းဂိုး ၂၂၄ ဂိုးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။

အာလင်း ဟာလန်ဟာ လက်ရှိ ကြောက်မက်ဖွယ် ဂိုးသွင်းနှုန်းအတိုင်းသာ ဆက်လက် သွင်းယူနိုင်မယ်ဆိုရင် ကစားသမားဘဝသွင်းဂိုး ၈၀၀ အထိ ရောက်ရှိနိုင်တယ်လို့ အသင်းဖော် ကီဗင် ဒီဘရိုင်းနားက ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်ကနေ ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ယခုရာသီမှာ ၁၉ ပွဲမှာ ၂၄ ဂိုး သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်သာ ရှိသေးချိန်မှာ နိုင်ငံနဲ့ ကလပ်အတွက် သွင်းဂိုး ၂၂၄ ဂိုးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီဘရိုင်းနားက နော်ဝေကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းအနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့လို မြင့်မားတဲ့ဂိုးအရေအတွက်ကို သွင်းယူနိုင်တဲ့ကစားသမားလို့ ယုံကြည်နေတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝ သွင်းဂိုး ၇၉၁ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ၈၁၉ ဂိုးနဲ့ တသက်တာထိပ်တန်းဂိုးသွင်းစံချိန်ကို ရေးထိုးထားပေမယ့်လည်း ဒီဘရိုင်းနားက ဟာလန်းအနေနဲ့ လာမယ့်နှစ်တွေမှာ စံချိန်သစ် ရေးထိုးနိုင်ခြေရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ "တိုက်စစ်မှူးတွေကို နှိုင်းယှဉ်ဖို့က အရမ်းခက်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေအားလုံးက လုံးဝကို ကွဲပြားခြားနားလို့ပါ။ သူတို့တွေက တူညီတဲ့နေရာမှာ ကစားကြပေမယ့် အချို့က ရုပ်ပိုင်းဆိုင်ရာအားကိုးတဲ့ကစားသမား၊ အချို့က မြန်နှုန်းအားကိုးတဲ့ကစားသမားဖြစ်ပြီး သူတို့တွေအားလုံးက ဂိုးကို အပျော်တမ်းသွင်းယူနိုင်ကြပါတယ်"

"အာလင်းက သူ့အသက်အရွယ်ကြောင့် မသွင်းယူနိုင်သေးဘူး။ ဒါပေမယ့် သူတို့တွေအားလုံး ဂိုး ၃၀၀ ဒါမှမဟုတ် ၄၀၀ လောက် သွင်းယူခဲ့ကြတယ်။ အာလင်းက ဂိုးတွေနဲ့ပတ်သက်ပြီး အရမ်းကို စွဲလမ်းသူပါ။ သူက အဲဒီ ပမာဏထက်တောင် ကျော်လွန်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူက ဂိုး ၂၀၀ ကျော် သွင်းယူထားပြီးပါပြီ။ အဲဒီတော့ သူက ကြံ့ခိုင်နေပြီး သူ လုပ်နေတာတွေကို ဆက်လုပ်နိုင်ရင် ဂိုး ၆၀၀၊ ၇၀၀ ဒါမှမဟုတ် ၈၀၀ အထိ သွင်းယူနိုင်မှာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အာလင်းက လူအများအပြားနဲ့ ကွဲပြားခြားနားတယ်လို့ ကျွန်တော် မမြင်ပါဘူး။ သူက ကျန်တဲ့လူတွေအားလုံးလိုပဲ သာမန်ဘောလုံးသမားဖြစ်ပြီး သူက သူ့ကိုယ်သူ အရမ်းကြီး တွန်းအားမပေးပါဘူး"

"ခင်ဗျား ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် အားကစားသမားတွေအကြောင်း ပြောတဲ့အချိန်ကျရင် အားလုံးမှာ ကန့်သတ်ထားတဲ့နယ်နိမိတ်နည်းနည်း ရှိမယ်ထင်တယ်။ ခင်ဗျားက ခင်ဗျားအကောင်းဆုံးဖြစ်လာနိုင်တဲ့ အရာမျိုး နည်းနည်းလေးတောင် မရှိဘူးဆိုရင် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက သူ့ဘဝကို ပျော်ရွှင်ခံစားနေတဲ့ ငယ်ရွယ်သေးတဲ့ ကောင်လေးဖြစ်ပြီး သူက သူ့ဘောလုံးအပေါ်မှာပဲ အလွန်အမင်း အာရုံစိုက်နေပါတယ်။ သူက ဂိုးသွင်းရတာကို နှစ်သက်တယ်။ အဲဒီတော့ ဒါက သူ့မှာရှိနေတဲ့ အထူးခြားဆုံးအရာလို့ ကျွန်တော် ထင်တယ်။ အာလင်းက ထိပ်တန်းအဆင့် တိုက်စစ်မှူးပါ"


"တိုက်စစ်မှူးတွေကို အဆင့်သတ်မှတ်တာ ဒါမှမဟုတ် နှိုင်းယှဉ်တာက မျှတတယ်လို့ ကျွန်တော် မထင်ဘူး။ ဘာလို့လဲဆိုတော့ အချို့က သူတို့တွေရဲ့ ကစားသမားဘဝ အစပဲ ရှိသေးပြီး အချို့က အဆုံး ဒါမှမဟုတ် အလယ်မှာ ရှိနေကြတာမို့လို့ပါ။ အဲဒီတော့ သူတို့ကို ကျွန်တော် အဆင့်သတ်မှတ်တာမျိုး မနှစ်သက်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က