စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ မိုနာကိုကို အရေးနိမ့်ခဲ့တဲ့ လီဂူးပွဲစဉ်အပြီး ပီအက်စ်ဂျီအဝတ်လဲခန်းအတွင်းမှာ ပြသနာအကြီးအကျယ်တက်ခဲ့ကြတယ်လို့ သိရပါတယ်။ ၃-၁ နဲ့ အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီဟာ အဆင့် ၂နေရာက မာဆေးလ်နဲ့ ၅ မှတ်သာ ကွာဟတော့တဲ့ အနေအထားကိုရောက်သွားပြီး အမှတ်ပေးဖလားအတွက် ခြိမ်းခြောက်ခံနေရပြီဖြစ်ပါတယ်။
အဆိုပါပွဲမှာတော့ ပီအက်စ်ဂျီတိုက်စစ်ကို နေမာက ဦးဆောင်ခဲ့ရပြီး မက်ဆီနဲ့ ဘတ်ပီတို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ ပွဲအပြိး ကွင်းပြင်ထွက်လာချိန်မှာ နေမာဟာ အသင်းဖော်တွေကို ရည်ရွယ်ပြီး ဆဲဆိုတိုင်းထွာခဲ့တယ်လို့ သိရပြီး ကွင်းလယ်လူဗီတင်ဟိုနဲ့ လူငယ်တိုက်စစ်မှူးဟူဂိုအီတီကီတီတို့ကိုလည်း ပြစ်တင်ကြိမ်းမောင်းခဲ့ကာ အသင်းသားတွေကြား ပြသနာတက်ခဲ့ကြပါတယ်။
ဒါတင်မကသေးဘဲ အဝတ်လဲခန်းအတွင်းမှာ ပီအက်စ်ဂျီအားကစားဒါရိုက်တာ ကမ်ပို့စ်က ကစားသမားတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ချိန်မှာ စိတ်အားတက်ကြွမှု၊ စိတ်အားထက်သန်မှုနည်းပါးလွန်းတယ်လို့ ပြောဆိုခဲ့တာကြောင့် နေမာနဲ့ ပြသနာထပ်တက်ခဲ့ပါသေးတယ်။ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာလို့ ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့ပြီး ဒီလိုဖြစ်ခဲ့လို့ အသင်းဝန်ထမ်းတွေတောင်မှ အံ့အားသင့်ခဲ့ရကြောင်းလည်း ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ကစားရတော့မယ့် ချန်ပီယံလီဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမတိုင်ခင်မှာ ဒီလိုတွေဖြစ်ခဲ့တာက ပီအက်စ်ဂျီအတွက်တော့ စိုးရိမ်စရာကောင်းနေပါတယ်။ အဆိုပါပွဲကို ဘတ်ပီလွဲချော်မှာဖြစ်ပြီး မက်ဆီကလည်း ဝင်ကစားပေးဖို့ မသေမချာဖြစ်နေချိန်မှာ အသင်းကိုဦးဆောင်ရမယ့် နေမာက ပြသနာထရှာနေလို့ တော်တော်လေးတိုင်ပတ်နေဖွယ်ရာရှိပါတယ်။
နေမာကတော့ ဒဏ်ရာကြောင့် အနားယူပြီး ပြန်ကစားပေးခဲတဲ့ ၂ပွဲစလုံး ဂိုးပေါက်ပျောက်နေပြီး ခြေစွမ်းလည်းမပြနိုင်ဖြစ်နေပါတယ်။ ဘိုင်ယန်နဲ့ပွဲအတွက် သူ့ကိုပဲ အားကိုးရမယ်ဆိုကာမှ ပြသနာတွေတက်နေလို့ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်မှာ အခြေအနေကောင်းမှာမဟုတ်ဘူးလို့လည်း အားလုံးက ခန့်မှန်းနေကြပါတယ်။