ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့နောက် ပီအက်စ်ဂျီဟာ လာမယ့်ရာသီအတွက် အသင်းကို အကြီးအကျယ်အင်အားဖြည့်တင်းဖို့ ကြံရွယ်နေပြီဖြစ်ကြောင်း L'Equipe က ဖော်ပြလိုက်ပါတယ်။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ဖလားရဖို့ကို ပစ်မှတ်ထားနေတာ ကြာမြင့်နေပြီဖြစ်ပြီး အခုချိန်ထိ ဆွတ်ခူးနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။
လာမယ့်ရာသီမှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်သွားဖို့ ပီအက်စ်ဂျီက ကြံရွယ်နေကာ ကစားသမားသစ် ၈ ဦးအထိကို ပစ်မှတ်ထားနေပြီလို့ ဆိုပါတယ်။ ပြင်သစ်ကလပ်က ခေါ်ယူသွားမယ့် ကစားသမားတွေအဖြစ် အင်တာမီလန်နောက်ခံလူစကီရီနီယာ၊ ဗီလာရီးရဲလ်နောက်ခံလူပါအူတောရက်စ်၊ PSV ကွင်းလယ်လူဆန်ဂရီ၊ မိုချန်ဂလာဘတ်ကွင်းလယ်လူကိုနေးတို့ ပါဝင်နေပါတယ်။
နောက်ထပ်ပစ်မှတ်တွေကတော့ မန်စီးတီးကြယ်ပွင့်ဘာနာဒိုဆေးလ်ဗား၊ လိုင်ယွန်တိုက်စစ်ကစားသမား ချာကီ၊ နာပိုလီတိုက်စစ်မှူး ဗစ်တာအော့ဆီမန်နဲ့ ဘင်ဖီကာတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်တို့ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားအများအပြားကိုလည်း အသင်းကနေ ရှင်းထုတ်မှာဖြစ်ပြီး ဝိုင်နယ်ဒမ်၊ ပါရီဒက်စ်၊ ဒရက်စ်လာ၊ ကားလို့စ်ဆိုလာနဲ့ ဟွမ်ဘားနတ်တို့ကို ရောင်းချသွားမယ်လို့ သိရပါတယ်။
နေမာနဲ့ မက်ဆီတို့လည်း အသင်းကနေထွက်ခွာနိုင်တဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ မက်ဆီကတော့ စာချုပ်သစ်အတွက် လက်ရှိအချိန်ထိ သဘောတူညီမှုမရရှိသေးသလို နေမာကလည်း သူ့ရဲ့ ဒဏ်ရာပြသနာနဲ့ အသင်းအတွက် အာရုံစိုက်ကစားပေးခြင်းမရှိတာကြောင့် ရောင်းချခံရဖွယ်ရှိတယ်လို့ သိရပါတယ်။